
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်း ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ယောက်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တယောက်က “သူတို့လာတော့ အကုန်လုံး အိမ်တခါးတွေပိတ်ပြီး နေကြတယ်။ ခဏနေတော့ သေနတ်ပစ်သံကြားလိာက်ရတယ်။ အဲလိုကြားရပြီး အိမ်ထဲကနေ အိမ်အပြင်ဘက်ကို ချောင်းကြည့်လိုက်တော့ လူငယ်တစ်ယောက်နဲ့ ဆိုက်ကယ်တစ်စီး လဲနေတာမြင်တွေရတယ်။ သေသလား၊ အသက်ရှင်လားတော့ အတိအကျမပြောနိုင်ဘူး။ ခဏနေတော့ သူတို့ကားပေါ်တင်းသွားကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဘာကြောင့် အခုလို ပစ်ခတ်ခံတယ်ဆိုတာနဲ့ ပစ်ခတ်ခံရတဲ့ လူငယ်ရဲ့ အခြေအနေကို သိရဖို့ DVB က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက အစိုးရတိုင်းရုံး အခြေစိုက်ရာမြို့ဖြစ်တဲ့ မုံရွာမြို့ကို ထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားနေပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း နည်းလမ်းပေါင်စုံနဲ့ တော်လှန်နေကြတာပါ။
စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မုံရွာလေတပ်စခန်းကို ဖေဖော်ဝါရီ ၁၈ ရက်ည ၆ နာရီလောက်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Freedom Revolution Force က ထုတ်ပြန်ကြေညာထားပါတယ်။