
စစ်ကိုင်းတိုင်း ကလေးမြို့အောင်မြေမာန်ရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းဆရာ ဦးမျိုးမင်းအောင်နဲ့ ဇနီးဒေါ်စန်ဒါတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ် ။
ဆရာဦးမျိုးမင်းအောင်ဟာ ကလေးမြို့ အထက (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြကျောင်းဆရာတစ်ဦးဖြစ်ပြီး ဇနီးဟာ ဈေးသည်တစ်ဦးလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်သား အများအပြားက ဆရာဦးမျိုးမင်းအောင်ရဲ့နေအိမ်ကို ဝိုင်းပြီး လာရောက်ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ညနေပိုင်းကလည်း အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်မောင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း အောင်သစ်စာရပ်ကွက်မှာနေထိုင်တဲ့ သာမန်ပြည်သူ ဒေါ်ဌေးမြင့်၊ ဒေါမိထူးနဲ့ အသက်၂၀ အရွယ်သူ့သားကို စစ်ကောင်စီတပ်သားတွေက PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်
ဖမ်းဆီးခံရသူ အားလုံးကို ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) မှာ ထားရှိတယ်လို့လည်း သိရပါတယ်။