စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ချင်းတွင်းမြစ်တလျှောက် အထက်ပိုင်းကို ဆန်တက်နေတဲ့ စစ်ကောင်စီရိက္ခာတင်မော်တော်တွေကို ကနီမြို့နယ်အတွင်းမှာ ဒေသခံ PDF တွေက ပစ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း ချင်းတွင်းမြစ်ကမ်းဘေးရွာတွေကို အကြမ်းဖက်ပစ်ခတ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာမြို့ကနေ ချင်းတွင်းမြစ်တလျှောက် ဆန်တက်လာတဲ့ စစ်ကောင်စီရိက္ခာတင် မော်တော် ၈ စီးကို ကနီမြို့နယ်အတွင်းမှာ PDF တွေက ဆက်တိုက်ပစ်ခတ် တိုက်ခိုက်တာကြောင့် ခရီးမဆက်နိုင်ဖြစ်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ PDF တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ရေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရေယာဉ်တွေဟာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ကမ်းကပ်ထားရပြီး အနီးအနားရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ အကြမ်းဖက်ခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။
ကနီမြို့နယ်DRPA တာဝန်ရှိသူ “ကျနော့်ရဲဘော် ပြောတာတော့ ၁၀ ယောက်ကျော် ကျတယ်။ သူ့မျက်စိရှေ့တင် ရေထဲကို ကျတာတွေ ရှိတယ်တဲ့။ ဇန်နဝါရီ ၂၂ ကနေ ဒီနေ့အထိ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့တာ ၄၊ ၅ ပွဲလောက်ရှိတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ ၂ ယောက်၊ ၃ ယောက်တော့ ရှိတယ်။ ဒေသခံမဟာမိတ်တပ်တွေ ပေါင်းတိုက်တာဗျ။ ကျနော်တို့ကလည်း ပစ္စည်းက ကောင်းကောင်းကန်းကန်းမရှိဘူး။ အဲဒီတော့ မိုင်းဆွဲရတာများတယ်။ မိုင်းဆွဲလို့ ဒီကောင်တွေ အထိနာမှ ကျနော်တို့က ဝင်ပစ်တာများတယ်။ အဲဒီတော့ ဒီကောင်တွေက သူတို့ အထိနာတော့ ဘာလုပ်လဲဆိုတော့ အနားကရွာတွေကို မွှေတယ်။ မီးရှို့တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ သတ်တယ်။ ဒါတွေက မဆန်းတော့ပါဘူး။ ဒီရက်ပိုင်း ကနီမြို့နယ်ထဲမှာ မီးရှို့ခံရတာ ၃ ရွာလောက် ရှိတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၂၊ ၂၃ နဲ့ ၂၄ ရက်နေ့တွေက မုဌေါကျေးရွာ၊ နတ်ကြီးကျေးရွာနဲ့ မဲဒင်းကျေးရွာတွေကို မီးရှို့ပြီး ရွာသားတချို့ကို ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။
စစ်ကောင်စီက မီးရှို့တာကြောင့် မုဌေါကျေးရွာက အိမ် ၁၀ လုံး၊ နတ်ကြီးကျေးရွာက အိမ်အလုံး ၃၀ နဲ့ မဲဒင်ကျေးရွာက ယာစောင့်တဲ ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ အိမ်ခေါင်မိုးသွပ်တွေကို သေနတ်နဲ့ပစ်ဖောက်ပြီး အကြမ်းဖက် ခြိမ်းခြောက်တာတွေလည်း စစ်သားတွေက ပြုလုပ်ခဲ့ပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကနီတပ်ရင်း (၁) တာဝန်ရှိသူက “သူတို့က ကြောက်အောင် ခြောက်တာပဲ။ ဒါပေမဲ့ ကျနော်တို့က စိတ်ဓာတ်တွေ ပိုမာလာတယ်။ ပိုအားသန်လာတယ်။ ဒေသခံတွေကတော့ ရှောင်နေရပါတယ်။ ဘာလို့လဲဆို သူတို့က ကနီနယ်ထဲကို ဝင်ဝင်ချင်းပဲ မီးတွေ ရှို့တယ်။ မဲဒင်ရွာက ပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ကျနော်တို့ အရင်ကထက် ပိုလုပ်မယ်ဆိုတဲ့စိတ် ဖြစ်လာတယ်။ သန်းခေါင်ထက်တော့ ညမနက်ဘူးဆိုတဲ့ စိတ်တွေ ဝင်လာတယ်။ တချို့ရဲဘော်တွေ အသက်ဆုံးရှုံးသွားပြီ။ မိသားစုတွေ ဆုံးရှုံးသွားပြီ။ ကျနော်တို့မှာ မကြောက်တဲ့ လက်နက်နဲ့ စည်းလုံးတဲ့ဗျူဟာ လိုတယ်ဗျ။ ညီညွတ်မယ်ဆိုရင် လိုချင်တဲ့ပန်းတိုင် ရောက်မယ်လို့ ယုံကြည်ပါတယ်။”
စစ်ကောင်စီရေယာဉ်တွေကို ကနီမြို့နယ်တွင်း PDF တွေက မဟာမိတ်ဖွဲ့ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရေယာဉ်တွေဟာ မုံရွာကနေတဆင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရိုးတလျှောက် မြို့နယ် PDF တွေက စစ်ကောင်စီလမ်းကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး အထက်ပိုင်းချင်းပြည်နယ်ကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဒေသမှာ ခြေလျင်နဲ့ ရေကြောင်းအပြင် လေကြောင်းကိုပါ စစ်ကောင်စီက အသုံးပြုနေပေမယ့် လက်ရှိအချိန်အထိ နယ်မြေထိန်းချုပ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။