အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အပြစ်မဲ့မြန်မာပြည်သူတွေအပေါ် သေဒဏ်ချမှတ်တာ ဖျက်သိမ်းပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သေဒဏ်ချမှတ်တာဟာ ရက်စက်၊ လူမဆန်၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့်မရတဲ့ ပြစ်ဒဏ်ဖြစ်တဲ့အပြင် လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်ခွင့်ကို ချိုးဖောက်နေတဲ့ ပြစ်ဒဏ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ဆွီဒင်နိုင်ငံနဲ့ ဥရောပသမဂ္ဂအနေနဲ့ တကမ္ဘာလုံးအတိုင်းအတာ သေဒဏ်ဖျက် သိမ်းရေးကို ကြိုးပမ်းလုပ်ဆောင်နေတာနဲ့အညီ ဘယ်လိုအကြောင်းအရာ ပုံစံမျိုးနဲ့မဆို သေဒဏ်ချမှတ်တာကို ရှုတ်ချကန့်ကွက်တယ်လို့ ဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဂျင်မီ (ခ) ဦးကျော်မင်းယုနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ စွပ်စွဲပြီး သေဒဏ်အမိန့်ချမှတ်ကြောင်း စစ်တပ်ပိုင်မြဝတီရုပ်သံက ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၂ ယောက် ရှိပြီလို့ ပြောပါတယ်။
Photo Credit- Sweden Embassy