ကနီမြို့နယ် နတ်ကြီးကျေးရွာအုပ်စုက ရွာများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကနီမြို့နယ် နတ်ကြီးကျေးရွာအုပ်စုအတွင်းက‌ ကျေးရွာတွေမှာ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က ချင်းတွင်းမြစ်အတွင်းကနေ ဖလက်မော်တော် ၈ စီးနဲ့ အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်က ကောင်တွေဗျ။ မနေ့ကလည်း  နတ်ကြီးကျေးရွာရဲ့အနောက်ဘက်ကမ်းက မုဌေါကျေးရွာက အိမ်ခြေ ၅ လုံးထက် မနည်းကို ဒီကောင်တွေ မီးရှို့ခဲ့တယ်။ အခုလည်း နတ်ကြီးရွာကို  မီးရှို့တာတွေလုပ်နေတယ်။ ဘာတွေ ရှို့နေတာလဲတော့ အတိအကျ မသိရ သေးဘူးဗျ။ အဝေးကနေပဲ ရွာထဲကနေ မီးခိုးတွေတက်လာတာ အခုမြင်နေရတယ်။ ကျနော်အထင်ကတော့ လူနေအိမ်တွေပဲ ဖြစ်ဖို့ များမယ်ဗျ။ ရွာတောင်ပိုင်းကနေ မီးခိုးတွေ ထွက်နေတာမြင်နေရတယ်” လို့  နတ်ကြီးဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

အခုလိုစစ်ကောင်စီက ကျေးရွာအတွင်းကို ရှာဖွေမီးရှို့တာတွေ လုပ်နေတာကြောင့် နတ်ကြီးအုပ်စုအတွင်းက နတ်ကြီး၊ ရွာသာ၊ ဝက်ချောင်းကြီး၊ အင်ချောင်၊ ဝက်ချောင်းကလေးနဲ့ သာယာလှ စတဲ့ ကျေးရွာတွေကပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

//
More News
Up