စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၃ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး အတော်များများ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။
ဒီနေ့ နေ့လယ်ပိုင်း နဘားရွာကနေ ပင်ဝယ်ရွာဘက်ကို မီးရထားလမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၃၀ လောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကားသမား တယောက် သေဆုံးသွားခဲ့ပြီး အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီ ၃ ရက်ကလည်း အင်းတော်မြို့နယ် စီပိန်းရွာနဲ့ ဖားပန့်ရွာအကြားမှာ စစ်ကောင်စီ ယာဉ် တစီး တိုက်ခိုက်ခံရပြီး အရာရှိတယောက် အပါအဝင် ၂၄ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)ကနေ သိရပါတယ်။
ဇန်နဝါရီ ၄ ရက်ကလည်း အင်းတော်မြို့နယ် ၊ ဂဟဲကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့ကာနေ အိမ်တချို့ ပျက်စီးပြီး ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။