စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သဲစားကျေးရွာအနီးမှာ ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၃ နာရီခွဲလောက်က မိုင်းပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
သဲစားကျေးရွာအရှေ့ဘက်၊ ဆည်ဘောင်အနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၃၀ လောက်ပါတဲ့ စစ်ကြောင်းကို တန်ဆည်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀)တို့ နှစ်ဖွဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “သဲစားကျေးရွာအရှေ့ ၂ မိုင်ကျော်လောက်က ဘေရင်းရွာသစ်လို့လည်း ခေါ်တယ်။ ရေလယ်ကျွန်းရွာလို့လည်း ခေါ်တယ်။ အဲဒီအကွေ့နားလေးမှာဖြစ်တာလို့တော့ ကြားတယ်ဗျ။ စစ်(-–) တွေဘယ်လောက်သေသေ ပြည်သူ့ရဲဘော်တွေနဲ့တော့ မလဲနိုင်ဘူး”လို့ ပြောပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်က အလောင်းတွေ လာကောက်ချိန်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီတပ်တွေ နောက်ပြန်ဆုတ် ထွက်ပြေးသွားတာကြောင့် ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားခဲ့ရဘူးလို့ သိရပါတယ်။
အလားတူ ဟုမ္မလင်းမြို့နယ်၊ နမ်ပတ်ကားကျေးရွာအနီးမှာလည်း မနေ့က မွန်းလွဲ ၁၂ နာရီလောက်က စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားပါတယ်။
ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက “သူတို့ထွက်လာတာကို သတင်းရလို့ ကြိုစောင့်ပြီး မိုင်းဆွဲတိုက်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်။ သူတို့ပြန်ပစ်ခတ်တာတွေ လုပ်တယ်။ ကျနော်တို့အဖွဲ့က ထိခိုက်မရှိဘဲ ဆုတ်ခဲ့တယ်”လို့ ပြောပါတယ်။
ဟုမ္မလင်း PDF က စစ်ကောင်စီတပ်တွေကို ပထမဆုံးအကြိမ် မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ရှိတဲ့နေရာတွေကို ပြည်သူတွေအနေနဲ့ ရှောင်ရှားသွားလာကြဖို့ တိုက်တွန်း ထားပါတယ်။