မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇန်နဝါရီ ၁၂ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်က ကျောက်မျက်တူးဖော်သူတွေကို ကျောက်မျက်တူးဖော်ခွင့်မရှိဘူးလို့ ဆိုကာ ဖမ်းဆီးပြီး ငွေတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တွင်းသွားတဲ့လမ်းမှာ တွေ့တာ၊ မင်းတို့ လုပ်ခွင့်မရှိဘူး၊ လုပ်မယ်ဆို ပိုက်ဆံပေးရမယ်လို့ ပြောတယ်။ ပေးဖို့ပိုက်ဆံက မရှိတော့ လှည့်ပြန်ခဲ့ရတယ်” လို့ တနိုင်တပိုင်ကျောက်မျက်တွင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ကျောက်မျက်တွင်းတွေမှာ စစ်ကောင်စီတပ်တွေက ကျောက်မျက်လုပ်ပိုင်ခွင့်တွေ ပိတ်ထားပြီး လုပ်ငန်းခိုးလုပ်သူတွေကို ဖမ်းဆီးမိပါက ငွေတောင်းခံပြီး ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
“ခိုးလုပ်ကြရတာ၊ ခိုးလုပ်လို့ မိရင် ဆိုင်ကယ်တစ်စီးဆို တစ်သိန်း ပေးရတယ်၊ လူကတော့ ဆယ်သိန်းကနေစပြီး တောင်းချင်သလို တောင်းတယ်၊ ရှာဖွေလုပ်စားရတာ တော်တော်လေး ခက်ခဲလာတယ်။”
မိုးကုတ်မြို့နေသူတွေဟာ ကျောက်မျက်တူးဖော်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါတွေကြောင့် ကျောက်မျက်ထာပွဲစျေးတွေကို ပိတ်ထားရတဲ့အတွက် မြို့နေပြည်သူတွေအနေနဲ့ စီးပွားရေးအခြေအနေ ကျပ်တည်းနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ ဂေါက်ကွင်းက ကျောက်မျက်တွင်းတွေမှာ ကျောက်မျက်တူးဖော်ခွင့်ရဖို့ ဒေသခံတွေအနေနဲ့ ငွေပေးခဲ့ရပေမဲ့ စစ်ကောင်စီတပ်က ကျောက်မျက်လုပ်ကိုင်ခွင့် မပေးတော့တာကြောင့် ကျောက်မျက်တူးဖော်သူတွေမှာ အခက်ခဲတွေရှိနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ ပန်းခြံထာပွဲစျေးနဲ့ မဏိမင်္ဂလာထာပွဲစျေးတွေ ပိတ်ထားရတဲ့အပြင် ကျောက်မျက်လုပ်ကိုင်သူတွေဆီကနေ အမည်မသိအဖွဲ့က စာပို့ပြီး ငွေတောင်းခံတာတွေေ ရှိနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ စီးပွားရေးအဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့အပြင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်ရဖို့ စစ်ကောင်စီတပ်ကို ငွေကြေးပေးနေရတဲ့အပြင် အမည်မသိအဖွဲ့ရဲ့ ခြိမ်းခြောက်ငွေတောင်းခံမှုတွေကိုပါ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။