
မွန်ပြည်နယ် ရေးမြို့နယ် ရေးမြောက်ပိုင်း ကွာန်ဒူးကျေးရွာရှိ Mytel တာဝါတိုင်ကို ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရေး YPDF မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၀င်ငွေစီးဆင်းမှုတွေ ရပ်တန့်အောင် Mytel တာဝါတိုင်ကို အခုလို မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး အခုရက်သတ္တပတ်အတွင်းမှာ ဒုံဖီ စံပြကျေးရွာရှိ Mytel တာဝါတိုင်နဲ့ နှင်းစုံရွာအနီးနားက ဂတ်စ်ပိုက်လိုင်းတခုတို့ကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
Mytel တာဝါတိုင်နှစ်ခုနဲ့ ဂက်စ်ပိုက်လိုင်းတို့ရဲ့ ပျက်စီးဆုံးရှုံးမှု အခြေနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင် စုစုပေါင်း ၆ တိုင်နဲ့ မြေအောက် ဆက်သွယ်ရေးလိုင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရတာ ဒီဇင်ဘာလအထိ စာရင်းတွေအရ တိုင်ပေါင်း ၃၆၀ ကျော် ရှိပြီဖြစ်ပြီး တာဝါတိုင်တစ်စုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်၊ စုစုပေါင်း ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရူံးခဲ့တယ်လို့ သိရပါတယ်။