Home
မြန်မာသတင်း
ထီးချိုင့်မြို့ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဒေသခံများ တိမ်းရှောင်နေရ
DVB
·
January 13, 2022

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၉ နာရီခွဲလောက်ကစပြီး လေယာဉ်နှစ်စီးနဲ့ ‌လာရောက်ကာ ကျေးရွာအများအပြားပေါ်ကနေ သေနတ်နဲ့ပစ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒိုးပင်၊ မိကျောင်းအိုက်၊ မရသိမ်၊ တောမ၊ ဝါးဘိုးချောင်း၊ ဖက်တဲ၊ ကျွန်းပင်သာ၊ ဆင်ဖြူဆိပ်၊ ရေပေါက်ကြီး၊ ပေါက်ပင်ကွေ့ စတဲ့ ကျေးရွာတွေမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပါတယ်။

ထီးချိုင့်မြို့ရဲ့ တောင်ဘက်နဲ့ အနောက်တောင်ဘက် က ကျေးရွာတွေဖြစ်တဲ့ တောမ၊ မရသိမ်၊ ဒိုးပင်၊ မိကျောင်းအိုက်၊ ဝါးဘိုးချောင်း၊ စက်တဲ၊ ကျွန်းပင်သာ၊ ဆင်ဖြူဆိပ်၊ ရေပေါက်ကြီး၊ ပေါက်ပင်ကွေ့၊ မုဒ်ဝ၊ လင်းပိုင်တင်၊ ကြက်ဆူချောင်း၊ ကျီးကန်းဒေါင့် စတဲ့ကျေးရွာနေ ပြည်သူတွေကတော့ ယခင်ရက်ကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ထီးချိုင့်နယ်ခံတစ်ဦးက "ညကလေယာဉ်နှစ်စီးနဲ့ စစ်သားတွေလာချသွားတတယ်။ ကွန်းပင်သာမှာ ဖြစ်တာက တမြန်မနေ့ကတည်း ဖြစ်နေတာ၊ ဒီကနေ့ကတော့ မနက် ၆ နာရီထိုးကတည်းက စပစ်တာပဲ" လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခန့်ကစပြီး တောမရွာ ကပ်လျက် မင်းဝံတောင်ရိုးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ညနေ ၃ နာရီလောက်အထိ နှစ်ဖက်ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တစ်ဦးကျဆုံးပြီး တစ်ဦးကတော့ ပျောက်ဆုံးနေကာ စုံစမ်းမရသေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီ ၁၂ ရက်နေ့ည ၇ နာရီလောက်ကလည်း ထီးချိုင့်တံတားထိပ် စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်က ‌လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024