
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ နဲ့ သမ္မရိုးကျေးရွာကြားမှာ ပျူစောထီး ထောက်ပို့ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၇ ဦး သေဆုံးခဲ့တယ်လို့ ၅ မြို့နယ် မဟာမိတ်တပ်ပေါင်းစုက သိရပါတယ်။
အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဟာ ငွေတွင်းကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေစိုက်ပျိုးရရှိတဲ့ သီးနှံတွေကို အခွန်အခအဖြစ် သိမ်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေထွက်ရှိတဲ့ သီးနှံရဲ့ ထက်ဝက်ကို ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေကို ပေးရပြီး မန္တလေးမြို့ဘက်ကို ရန်ပုံငွေအဖြစ် သွားရောက်ရောင်းကြရတယ်လို့ သိရပါတယ်။
အခုလို ပြည်သူတွေအပေါ်မှာ ခေါင်းပုံဖြတ် အနိုင်ကျင့်သိမ်းယူနေတာကြောင့် ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ဝက်လက်မြို့နယ် အနောက်ခြမ်းကို ဝင်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ် (CANDA-4G/ 4858) တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဝက်လက်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ ဆိပ်ဖူးကြီး ကျေးရွာအပါအဝင် သလဲဘာ၊ ငွေတင်း၊ စပါးတွင်း၊ ဆင်တလည် စတဲ့ ကျေးရွာငါးရွာက ဒေသခံတချို့က စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပျူစောထီးအဖွဲ့အဖြစ်ဖွဲ့ပြီး ကျေးရွာတွေမှာ ဆက်ကြေးကောက်တာ၊ လူသတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးကားတွေ ထပ်မံထွက်ရှိလာခဲ့ပါက ဆက်လက်ရှင်းလင်းသွားမယ်လို့ အရာတော်၊ မြင်းမူ၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက် ၅ မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ကြေညာထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
၀က်လက်နဲ့အရာတော်ဟာ မြို့ချင်းနီးကပ်နေတဲ့ မြို့တွေဖြစ်ပါတယ်။