
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာတွေကို စစ်ကောင်စီတပ်က ပတ်လည်ဝိုင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းကျေးရွာတွေဘက်ကို ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက စတင်ပြီး ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“မနက်ပိုင်း အစောကြီးပဲ ညောင်ပင်ရွာကို ပတ်ပတ်လည်ဝိုင်းပြီးတော့ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်သောင်းကျန်းကြတယ်၊ ရွာကလူတွေ အကုန်ထွက်ပြေးကြရတာပေါ့။ မနက်ပိုင်း ၆ နာရီလောက်ကစပြီးတော့ ရေလယ်ကျွန်းဘက်ကို ပခန်းငယ် ချစ်သူရွာက စစ်တပ်ကြီး ဒီဘက်ကို ကူးလာပြီး ပစ်ကြတယ်။ ဘာလို့ပစ်တယ်တော့ မသိဘူး အဲ့လို ပစ်လို့ ငါတို့ထွက်ပြေးကြရတာ ပဲသိတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာလို့လည်း ပြောကြတယ်။ ညောင်ပင်ကနေ မိုးဖြူမိုးကွဲဘက်ကို သွားတယ်။ အခု တောထဲမှာ ညဘက်အထိဆိုရင် အေးလာတော့မှာ၊ ကလေးတွေနဲ့ လူကြီးပိုင်းတွေလည်းပါသေးတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနက် ၇ နာရီကျော်လောက်မှာတော့ ညောင်ပင်ရွာကနေ မိုးဖြူမိုးကွဲကျေးရွာဘက်ကို ထွက်ခွာပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဖြူမိုးကွဲကနေဆင့် မြေတော်ကျေးရွာ ရဲစခန်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး အင်အား ၅၀ ကျော်လောက် တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စခတွေ ဘယ်မှမဝင်ပဲ တောလမ်းကနေ မြေတော်ကို ဖြတ်တက်ရာက မြေတော်ရွာအနောက်ကနေ ထွက်စောင့်နေတဲ့ အဖွဲ့နဲ့ပေါင်းပြီး စုစုပေါင်း အင်အား ၅၀ ကျော်လောက် မြေတော်စခန်းထဲ ဝင်သွားကြတယ်။ အခုညနေပိုင်းအထိ မပြန်သေးဘူး ရှိနေဆဲပါပဲ။”
ညောင်ပင်ရွာ၊ မိုးဖြူ၊ မိုးကွဲ၊ မြေတော် ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီလှူဒါန်းလိုသူတွေအနေနဲ့ စစ်ဘေးသင့် ကူညီရေး ကွန်ရက်မှာ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။