Home
ဆောင်းပါး
ဖက်ဆစ်တပ်မတော်၏ အမိုက်နိဂုံး နီးလာပြီ
DVB
·
January 10, 2022

ကိုယ်ကျင့်သီလ ကောင်းမွန်ပြီး စိတ်ဓာတ်ရိုးဖြောင့်တဲ့ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဖခင်ရင်းဖြစ်သူ  နိုင်ငံရဲ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ သတ်ဖြတ်ခံရပြီးတဲ့နောက် မြန်မာစစ်တပ်ဟာ သီလယုတ်ညံ့ပြီး ဗီဇစရိုက်ဆိုးယုတ်တဲ့ ဗိုလ်နေဝင်း ဆိုတဲ့ပထွေးဆိုးလက်ထဲ ကျရောက်ရာကနေ ခေတ်အဆက်ဆက်မှာ မိမစစ်၊ ဖမစစ်‌ ခိုးသားဓားပြ ဗိုလ်ယုတ်တွေအောက် ကြီးပြင်းလာခဲ့ရတဲ့ ကျေးသားမိုက်ပမာ မိုက်ရိုင်း ထွားကျိုင်းလာခဲ့ပါတော့တယ်။

မြန်မာစကားပုံမှာ “လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား” ဆိုတဲ့စကားပုံ ရှိပါတယ်။ ကိုယ်ကျင့်တည်ကြည်တဲ့ လူလိမ္မာကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က ဗမာ့တပ်မတော် ဆိုတာ ပြည်သူတွေရဲ့ နှလုံးအိမ်ထက် အမြတ်တနိုး အားထားယုံကြည်ကြတဲ့ ပြည်သူ့သားသမီးတွေနဲ့ ဖွဲ့စည်းထားတာမို့ ပြည်သူ့တပ်မတော်၊ ပြည်ချစ်တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လေးစားအသိအမှတ်ပြုခံရတဲ့ တပ်မတော်ဖြစ်ခဲ့တာ အခုတော့ ပုံပြင်ဒဏ္ဍာရီ ဖြစ်သွားခဲ့ပါပြီ။

ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်အတွက် ထုတ်ပေးသည့် စစ်ယူနီဖောင်းများ အရည်အသွေးညံ့ဖျင်းတာကို သရော်လှောင်ပြောင်ပြီး ရယ်ပွဲဖွဲ့ခဲ့ကြသော စစ်ဗိုလ်စစ်သားများကို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှ တပ်မတော်သားတိုင်း ပြည်သူတွေနဲ့ တသားတည်း ဆိုးတူကောင်းဖက်စိတ်ထားကြဖို့ ဆုံးမခဲ့တဲ့ အောက်ပါစကားများကား အဘယ်ကြောင့် ပြည်သူတွေက ထိုအချိန်တုန်းက တပ်မတော်အပေါ် အားထားယုံကြည်ရလဲ ဆိုတာကို ညွှန်းဆိုနေခဲ့ပါတယ်။ 

“ဘာလဲကွ မင်းတို့က ဂျပန်တွေကားစီးပြီး အဝတ်ကောင်းတွေ ဝတ်နေတာကို အားကျလို့လား။ အေး… မင်းတို့ မှတ်ထား။ ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ ကြည့်လိုက်စမ်း။ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တဖက်က ငပုတွေက တွေ့ကရာ ဆွဲယူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘဝမှာ မင်းတို့လို အကောင်တွေက ဇိမ်ခံချင်ကြတယ်။ ကားသစ်ကြီးတွေ စီးချင်ကြတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက် အခွင့်အရေးပိုလိုချင်ကြတယ်။ လူထုက ဝတ်စရာအင်္ကျီ ပုဆိုး မရှိတဲ့အချိန်မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့အကောင်မိုက်တွေက စစ်ဝတ်စုံ အကောင်းတွေ ဝတ်ချင်ကြတယ်။ မှတ်ထား၊ အခုလိုစိတ်မျိုး အမြင်မျိုးတွေရှိနေသမျှ ငါ မျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။ မင်းတို့ ပြည်သူလူထုအတွက် စစ်တိုက်နေတယ် ဆိုတာ အလကားပဲ၊ လုံးဝအဓိပ္ပာယ်မရှိတော့ဘူး”

"မှတ်ထား၊ ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ အကောင် တစ်ကောင်မှ မရှိရဘူး၊ မပါစေရဘူး။ လူထုငတ်ရင် အားလုံး ငတ်မယ်၊ လူထုဆင်းရဲရင် တို့ရဲဘော်အားလုံး ဆင်းရဲမယ်။ ငါလည်း ဆင်းရဲရမယ်။ ငါတို့တွေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။ အခုတော့ မင်းတို့ကောင်တွေကွာ။ ငါ လိုက်ပြီး ကန်လိုက်ရရင်ကွာ။”

အထက်က အဖြစ်အပျက်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောစကားတွကို ထောက်ချင့်ကြည့်လိုက်ရုံနဲ့ အဲဒီတုန်းက တပ်မတော်ဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့အသွေးအသားနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့လို့ ပြည်သူကို ဗဟိုပြုပြီး ပြည်သူလူထုနဲ့ တသားတည်း ရှိနေခဲ့တာကြောင့် ပြည်သူ ထောက်ခံတဲ့ လက်နက်ကိုင်တပ် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ သိက္ခာကြီးမြတ် သီလတည်ကြည်တဲ့ ဖခင်အရင်းရဲ့အောက်မှာ ကြီးပြင်းရတဲ့ သားသမီးတွေလို ပြည်သူဘက်က အမြဲရပ်တည်ခဲ့ကြတဲ့ သမိုင်းက ထင်ရှားလှပါတယ်။

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွား‌တော့ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက် ဆိုတဲ့စကားလို ဦးစီးခေါင်းဆောင် ဖြစ်တဲ့သူက ပြည်သူကို ချစ်တဲ့စိတ်နဲ့ ရိုးသားဖြောင့်မတ်စွာ ကြံစည်လုပ်ဆောင်ခဲ့တာမို့ နောက်လိုက် တပ်သား‌တွေကလည်း ဖြောင့်ဖြောင့်မတ်မတ် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်နဲ့ထပ်တူ ကာကွယ်စောင့်ရှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ တပ်မတော်အမည်ခံ စစ်အာဏာရှင်ကို သစ္စာခံတဲ့ ဖက်ဆစ်လက်နက်ကိုင်တပ်ကို ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က စစ်တပ်နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဝမ်းနည်းဖွယ် တွေ့ကြရတာကတော့ မစင်နဲ့ နံ့သာလို ကွာခြားလွန်းမက ကွာခြားပြောင်းလဲသွားခဲ့တာပါပဲ။

မုန်တိုင်းမိပြီး သူခိုးဓားပြရွာ ရောက်ခဲ့တဲ့ ကျေးသားမိုက်ပုံပြင်ထဲကလို စစ်တပ်ဟာ သူ့ကိုယ်သူ ၁၂ ဆက်မြောက် ကုန်းဘောင်မင်းဆက်လို့ မှတ်ယူလိုတဲ့ ဘုရင်ရူး အာဏာရူး ဗိုလ်နေဝင်း လက်အောက် ကျရောက်သွားရတာဟာ နိုင်ငံတခုလုံးအတွက်ပါ ကြမ္မာဆိုးဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

မြင်းပွဲ၊ ခွေးပွဲ လောင်းကစားဝါသနာထုံတဲ့ ဗိုလ်နေဝင်းဟာ ငွေကြေးသုံးစွဲရာမှာလည်း ဟော့ရမ်းသူတယောက် ဖြစ်တယ်။ နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနစ်မှာ သူ သိမ်းယူခဲ့စဉ်တုန်းက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်တွေကငွေတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ပိုက်ဆံတွေ၊ ပို့ကုန်လုပ်ငန်းမျိုးစုံက ရရှိတဲ့ငွေကြေးတွေ မပါသေးဘဲ ပါလီမန်ဒီမိုကရစီအစိုးရလက်ထက်က နိုင်ငံခြားငွေစာရင်း ဘတ်ဂျက်ထဲမှ ဗမာငွေကျပ် သန်း ၆၀၀ နဲ့ ညီမျှတဲ့ ဒေါ်လာ သန်းပေါင်း ၁၂၀ ကျန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗမာကျပ်ငွေကို အင်္ဂလန်နိုင်ငံမှာ ပုံနှိပ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ အဲဒါကို လန်ဒန်ကနေ ဆွဲနုတ်ခဲ့ပြီး ဗမာကျပ်ငွေကို ပြည်တွင်းမှာရှိတဲ့ ပခုက္ကူ ဝါဇီစက်ရုံကနေ ပုံနှိပ်ထုတ်ဝေခဲ့တယ်

ဒီလိုလုပ်ခဲ့ခြင်းအားဖြင့် ငွေစက္ကူတွေရိုက်နှိပ်ဖို့ လန်ဒန်မြို့မှာ အပေါင်ထားရတဲ့ ရွှေချောင်းတွေကို ပြန်ထုတ်ယူခွင့်ရလာပြီး အဲဒီရွှေချောင်းတွေအားလုံးကို သူ သုံးချင်သလို ထင်ရာစိုင်း သုံးစွဲပစ်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာနဲ့ နိုင်ငံခြားခရီးထွက်ရာမှာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ သုံးစွဲပစ်တဲ့ ခေါင်းဆောင်ဆိုး ဖြစ်တယ်။ 

အာဏာရမ္မက်ကြီးပြီး သွေးဆိုး သွေးဆူတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗိုလ်နေဝင်းဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်က္ကသိုလ်ကျောင်းသားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးပြီးတဲ့နောက် ရေဒီယိုကနေ စကားပြောရင်း နောက်ဆုံးပိတ်မှ ‘ဓား.. ဓားချင်း၊ လှံ.. လှံချင်း’ ဆိုတဲ့စကားနဲ့ ကျောင်းသားတွေကို စိန်ခေါ်ခဲ့သလို ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး မဖြစ်ပွားခင် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာတုန်းကလည်း စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးလို့ ပြောပြီး ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်။

သူ့နောက် ဆက်ခံတဲ့ စစ်အာဏာရှင်ဗိုလ်သန်းရွှေဟာလည်း ရှေ့ဆောင်နွားလား ဗိုလ်နေဝင်းလို ဘုရင်ရူး ဖြစ်ခဲ့တာပါပဲ။ သူ့သမီးတွေဆီပါ ကူးစက်ပြီး သမီးတော်ဇာတ်လမ်းတွေ ထွက်လာခဲ့တာ တနိုင်ငံလုံးအသိပဲ မဟုတ်လား။

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပလ္လင် ဆက်ခံခဲ့တဲ့ ဗိုလ်သန်းရွှေလက်ထက်မှာ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေကို ပြုန်းလုနီးပါး သူတို့ကိုယ်ကျိုးအတွက် ပရမ်းပတာ ထုတ်ယူသုံးစွဲခဲ့ကြပြီး စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းတွေ နိုင်ငံဘဏ္ဍာ သယံဇာတမြေယာတွေနဲ့ ချမ်းသာကြွယ်ဝခဲ့ကြတယ်။

ဗိုလ်သန်းရွှေ လက်ထက်မှာလည်း သူတို့ပြုတဲ့ မတရားမှုကို ဆန့်ကျင်ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို ရက်ရက်စက်စက် ဖမ်းဆီးထောင်ချ ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ကာလ၊ ၁၉၉၅/၉၆ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတဲ့ လူထုတော်လှန်ရေးတွေကို သွေးချောင်းစီး သတ်ဖြတ်နိမ်နှင်းခဲ့တာပါပဲ။

ဗိုလ်သန်းရွှေ နောက်ဆက်ခံတဲ့ ဗိုလ်မင်းအောင်လှိုင်လည်း ရှေ့သွားနွားလား စစ်အာဏာရှင်တွေရဲ့ ခွာရာအတိုင်း ဘုရင်ရူး၊ သမ္မတရူးခဲ့တာပဲ မဟုတ်လား။ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်အခွင့်ထူးခံပါတီ ဗြန်းဗြန်းကွဲအောင် မဲရှုံးပြီး သမ္မတမဖြစ်ရတော့ မဲလိမ်တယ် အကြောင်းပြပြီး သေနတ်နဲ့ မိုက်ကြေးခွဲ အာဏာလုခဲ့တာ မဟုတ်လား။

စစ်တပ်နဲ့မဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လက်ဝါးကြီးအုပ်၊ နိုင်ငံဘဏ္ဍာတွေ ကုပ်သွေးစုပ်ပြီး  ခိုးဆိုးဓားပြတိုက်ပြီး သန်းကြွယ်ကုဋေကြွယ်ချမ်းသာလာတဲ့ ပိုင်ဆိုင်မှုတွေ ကာကွယ်ဖို့ လက်နက်မဲ့ ဆန္ဒပြ ပြည်သူ‌တွေကို ခေါင်းကို တည့်တည့်ချိန်ပစ်သတ်ခဲ့ပြီး လူထုဒီမိုကရေစီပန်းတိုင်ကို ဖျက်ဆီးခဲ့ကြတာပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ရိုင်းစိုင်း‌ကောက်ကျစ်ပြီး ကိုယ်ကျင့်သီလ ယုတ်ညံ့တဲ့ မိမစစ်ဖမစစ်‌ လက်အောက်‌ ကျရောက် ကြီးပြင်းလို့ အဆိပ်သင့်ခဲ့ရတဲ့ ဖက်ဆစ်တပ်မတော် ကျေးသားမိုက်ဟာ ရှေ့ဆောင်နွားလား မိယုတ်ဖယုတ် စစ်အာဏာရှင်တွေရဲ့ အကျင့်စရိုက်တွေ ကူးစက်လို့ မိဘပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အိမ်ရာတွေ၊ မြို့ပြတွေ ကျေးလက်တောရွာမကျန် မီးတင်ရှို့ ဖျက်ဆီးလုယက်နေကြတာ ဘီလူးသဘက်တွေပမာပါပဲ။ 

ဒါကြောင့်မို့လို့လည်း ဒီကနေ့ ရှိရှိသမျှ မျိုးဆက်အားလုံး စုရုံးပြီး တိုင်းရင်းသား မိဘပြည်သူ ရဟန်းရှင်လူအများစုကြီးရဲ့ နာကျင်‌နေတဲ့ နှလုံးသားနဲ့ ဘဝ‌ပေးအသိမှာလည်း သွေးဆိုးပြည်ပုပ်လို ဖြစ်ပြီး အသားနုပြန်မဖြစ်နိုင်တော့တဲ့ ဖက်ဆစ်စစ်တပ်တခုလုံးကို ဖယ်ရှားရှင်းလင်းပြီး ဖက်ဒရယ် ဒီမိုကရေစီတပ်မတော်အသစ်နဲ့ အစားထိုးဖွဲ့စည်းခြင်းနဲ့သာ လူတိုင်းရဲ့ဘဝတွေ အေးချမ်းလုံခြုံနိုင်မယ်ဆိုတာ တင်းပြည့်ကျပ်ပြည့် ခံစားယုံကြည်လာကြပြီး စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ကို အဆုံးထိ တိုက်ကြမယ်လို့ သန္နိဋ္ဌာန်ချ တိုက်ပွဲဝင်နေကြတာမို့  မိမစစ်ဖမစစ်‌ ကျေးသားမိုက် ဓားပြတပ်ရဲ့အဆုံးသတ် အမိုက်နိဂုံးပိုင်းဟာ တစတစ နီးကပ်လို့လာနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024