နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၃ မှုအတွက် ဒီနေ့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ ထောင်ဒဏ် ၄ နှစ် ထပ်မံမှတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှုနဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးစီမံအမှုတို့ကို အခုလို အမိန့်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုက်အဝိုင်းကနေ စုံစမ်းသိရပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်း ကနေ တရားမဝင် စကားပြောစက် (၁၀) လုံးနဲ့ Jammer (၁) စုံတို့ကို တွေ့ရှိတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက် ၁ နှစ် အမိန့်ချမှတ်ခဲ့ပြီး အမှုနှစ်ခုအတွက် ပြစ်ဒဏ်တွေကိုတပေါင်းတည်းကျခံရမယ်လို့ တရား ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အမှုနှစ်ခုကို တပေါင်းတည်းကျခံရမှာဖြစ်တဲ့အတွက် အများဆုံးထောင် ဒဏ် ၂ နှစ်ကိုသာ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။အမှု သုံးခုလုံးအတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ သဘာဘေးအမှုတို့အတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ပေးခဲ့ပါတယ်။
ဒီနေ့အမိန့်ချတဲ့ အမှုသုံးခုအတွက် ထောင်ဒဏ် ၄ နှစ်နဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှု ငါးခုအတွက် ကျခံရမယ့် စုစုပေါင်း ထောင်ဒဏ်ဟာ ၆ နှစ်ရှိပြီဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။