
စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၈ ရက် ဒီနေ့ နေ့လယ် ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကံထူးမကျေးရွာကနေ တန်ဆည်မြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲခဲ့တာလို့ ဒေသခံတော်လှန်ရေးအင်းအားစုက ပြောပါတယ်။
စစ်ကောင်စီယာဉ်ရဲ့ အရှေ့ပိုင်းကို မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ တန့်ဆည် ပကဖ အဖွဲ့ဝင် တယောက်က ပြောပါတယ်။
အဆိုပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ Area-21 Network အတွင်းက MDF-Taze Tiger အဖွဲ့က ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာတော့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီလောက်က လူနေအိမ်နှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေထံကနေ သိရပါတယ်။
ရွာသစ်ကုန်းကို မီးရှို့တဲ့ စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်ဘက်ကလာထွက်လာပြီး ခင်ဦးမြိုနယ်ကို ထွက်လာပြီးအခုလို မီးရှို့ခဲ့တာလို့ သိရပါတယ်။
ဒေသခံတစ်ဦးက“ကျနော်တို့ ရွာသစ်ကုန်းရွာက လူတွေကတော့ဗျာ။ အရင်လတွေကတည်းက ရွာမှာ လူမနေရဲကြဘူး။ အကုန်ထွက်ပြေးနေရတယ်။ နေရဲတဲ့သူတချို့တော့ ရွာထဲနေတာတော့ရှိတယ်။ ဘာကြောင့်ရှို့တာလဲဆိုတော့၊ ဒီကောင်တွေကအစိုးမရဘူးရယ်။ လူစိတ်ကိုမရှိတာပေါ့ဗျာ။ ရွာကလူတွေလည်း စားစရာမရှိရတဲ့အထဲ အခုလို အကြိမ်ကြိမ်မီးရှို့နေလို့ကတော့ နေစရာကို ရှိမှာမဟုတ်တော့ဘူး။ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီဗျ။ အရင်ပထမအကြိမ်တုန်းကတော့ အိမ် ၃၀ မီးထဲပါသွားတယ်။ အခုအကြိမ်ကြတော့ ၂ အိမ် မီးလောင်သွားတယ်” ပြောပါတယ်။
ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေပာာ ဒေသပြည်သူတွေကျေးရွာ အတွင်းမနေရဲအောင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ကာ ဒေသခံတွေရဲ့အ ဖိုးတန်ပစ္စည်းတွေယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ရေဦးမြို့နယ်၊ ပျဥ်ထောင်ရွာမ ဒေါင်းလှရွာနဲ့ ရွာသစ်ကုန်းကျေးရွာအနီးက တောင်သူတွေရဲ့ ၂၅ ဧကရှိတဲ့ လယ်အတွင်းက ရိတ်သိမ်းပြီး စပါးတွေယူဆောင်သွားတာ ခံခဲ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။