
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ် ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့ဘက်ကနေ ကလေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ယာဥ်တန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ PDF-ဂန့်ဂေါ တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်တိုင်အမှတ် ၃၂ နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် PDF-ဂန့်ဂေါ တပ်ခွဲ ၇ နွေဦးအဖွဲ့ကလည်း မိုင်တိုင်အမှတ် ၃၄ နားမှာ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး တစ်ယောက်အပါအဝင် ၆ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်တိုင်အမှတ် ၃၅ နားမှာတော့ PDF-ဂန့်ဂေါ တပ်ခွဲ ၃ က ဗိုလ်မြတ်ထွန်းဦးဆောင်တဲ့ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ PDF တပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစလို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် အသွားလာဆင်ခြင်ကြဖို့နဲ့ အန္တရာယ်ကင်းစွာနေထိုင်ကြဖို့ သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင် ကျေးရွာရဲ့ အနောက်ဘက် စိမ်းစိုရုံးအနီးမှာလည်း ဒီဇင်ဘာ ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကား အစီး ၄၀ ကျော်ပါတဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၉ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။
ပုလဲပြည်သူ့တော်လှန်ရေးတပ်မတော် PRA တာဝန်ခံ ဗိုလ်ဂျပန်က “ကျနော်တို့ ပုလဲပြည်သူ့တော်လှန်ရေးတပ်မတော် PRA က တပ်ခွဲ ၉ က ဗိုလ်ဂျိုဝါး နဲ့ တပ်ခွဲ ၁၄ က ဗိုလ်ငတေတို့အဖွဲ့က ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ လောက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ” လို့ အတည်ပြုပြောပါတယ်။
အဆိုပါ ယာဉ်တန်းဟာ မကွေးတိုင်း၊ ကျောမြို့၊ ကပစ-၂၃ က နေ ထွက်ခွာလာတဲ့ ယာဉ်တန်းဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်းက ပုလဲ-ဂန့်ဂေါလမ်းပေါ်မှာ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ရဲ့ တပ်ခွဲ ၂၊ တပ်ခွဲ ၁၇ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သေးတယ်လို့ ဆက်လက်ပြောပြပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့နဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွေမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ထိတွေ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။