Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် ရဲကင်းစခန်း၊ စစ်ဆေးရေးဂိတ်နှင့် မိုင်တဲလ်တာဝါတိုင်များ တိုက်ခိုက်ခံရ
DVB
·
December 19, 2021

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ တောင်သာမြို့နယ်၊ ကျောက်ဆည်မြို့နယ်တို့မှာ ရဲကင်းစခန်း၊ စစ်ဆေးရေးဂိတ်နဲ့ မိုင်တဲလ်တာဝါတိုင်တို့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်၊ ရုံးပင်ရဲကင်းစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ တပ်ဖွဲ့ဝင်တဦးက “ရဲကင်းစခန်းကို ကျနော်တို့တွေ ဝိုင်းထားတာကို ရခတွေသိသွားတော့။ ရဲစခန်းထဲက ပင်မအဆောင်ကို မီးရှို့သွားကြတယ်။ သူတို့ရဲ့မိသားစုဝင်တွေကို ထားခဲ့ပြီးတော့ နောက်ဖေးအပေါက်ကနေ ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့မိသားစုဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေက ဖမ်းမိပြီး ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးခဲ့ကာ စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဆက်လက်ပြောပါတယ်။

ရုံးပင်ရဲကင်းစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မတ္တရာမြို့မရဲစခန်းကို ဒီဗွီဘီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာတော့ ရုံးပင်ရဲစခန်းကို စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်လောက်ရောက်လာလို့ ရွာကိုအန္တရာယ်ပြုမှာစိုးရိမ်နေကြရပြီး ဒေသခံအချို့လည်း ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ရုံးပင်ကျေးရွာဒေသခံတွေက ပြောပါတယ်။

မြင်းခြံခရိုင် တောင်သာမြို့ဝင် ဇဂျမ်း စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်  ၉ နာရီကျော်က တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေးဆုံးပြီး ၁ ဦး စိုးရိမ်ရ ဒဏ်ရာနဲ့ တစ်ဦး ခြေတစ်ဖက်ပြတ် သွားတယ်လို့ TTA ပြောက်ကျားအဖွဲ့ (တောင်သာ) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲလောက်က အဆိုပါ စစ်ဆေးရေးဂိတ်ကို အဝေးထိန်းဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

     အဆိုပါ အဝေးထိန်းဗုံးခွဲ တိုက်ခိုက်မှုကို TTA ပြောက်ကျား(တောင်သာ)နဲ့ မြေလတ် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီ လုံခြုံရေးဂိတ်တွေ၊ ကင်းလှည့် ယာဥ်၊ ကင်းလှည့် အဖွဲ့တွေနဲ့ အနီးကပ် နေထိုင်တာနဲ့ ယှဥ်တွဲ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ အထူးအသိပေးထား​ပါတယ်။

ကျောက်ဆည်မြို့နယ် ရွာပုလဲကျေးရွာအနီးမှာလည်း မိုင်တဲလ်တာဝါတိုင်ဖျက်ဆီးခံရပြီး ရောက်ရှိလာတဲ့ စစ်ကောင်စီကားကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီကျော်မှာ မိုင်တဲလ်တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် စစ်ဆေးဖို့ရောက်လာကြတဲ့ စစ်ကောင်စီကားကို စမာရွာနဲ့ တံ စိုးရွာကြားမှာ ပူးပေါင်းမိုင်းဆွဲခဲ့တာလို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (KDDF) နဲ့ ကျောက်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Kyaukse) တို့က ထုတ်ပြန်ထားပါတယ်။

"တာဝါတိုင်က ရွာနဲ့နီးနေတော့ ပြည်သူထိခိုက်မှာစိုးလို့ တိုင်ကိုမခွဲဘဲ စက်တွေကိုပဲ ဖောက်ခွဲခဲ့တာ။ အဲ့ဒီမှာ ၇ နာရီလောက်ကျ တံစိုးဂိတ်ကနေ စစ်ကားတစ်စီး ရောက်လာတော့ မိုင်းဆွဲလိုက်တာ၊ အရာရှိနဲ့တပ်သားနှစ်ယောက်က ပွဲချင်းပြီး သေသွားတယ်၊ လေးယောက်က ပြင်းထန်ဒဏ်ရာရသွားတယ်" လို့ KDDF တာဝန်ရှိသူက ပြောပါတယ်။ 

ဒီနောက် စစ်ကားနှစ်စီး ထပ်ရောက်လာပြီး အခင်းဖြစ်နေရာဝန်းကျင်မှာ သေနတ်တွေ တရစပ်ပစ်ဖောက်ခဲ့ပြီး သေဆုံးဒဏ်ရာသူတွေကို လူနာတင်ကားခေါ်ပြီး တင်ဆောင်သွားတယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024