Home
မြန်မာသတင်း
ကယန်းအမျိုးသားပါတီ (KNP) ကို ကယန်းပြည်သစ်ပါတီလက်နက်ကိုင်အဖွဲ့က ပြန်ထိန်းချုပ်
DVB
·
December 8, 2021

ကယန်းအမျိုးသားပါတီ(KNP)ကို မသမာသူလူပုဂ္ဂိုလ်တချို့နဲ့ အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ အလွဲသုံးစားပြုတဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီဖွဲ့ပြီး ပြန်ထိန်းချုပ်ဖို့ တာဝန်ပေးလိုက်ကြောင်း  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ကြေညာပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေမှာ ကယန်းအမျိုးသားပါတီဗဟိုကော်မတီဝင်တွေဟာ ပါတီလုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့သလို ဗဟိုကော်မတီဝင်တွေဟာလည်း စစ်အာဏာရှင်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းမှ ကင်းလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ ပါတီရဲ့ဗဟိုဦးစီးစနစ်ပျောက်ကွယ်လာပြီး ပါတီပြိုပျက်သွားတဲ့ အနေအထားဖြစ်နေကြောင်း  ဒီဇင်ဘာ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ပါရှိပါတယ်။

ကယန်းအမျိုးသားပါတီကို ပြန်လည်ထိန်းသိန်းဖို့ လက်နက်ကိုင်အဖွဲ့ ကယန်းပြည်သစ်ပါတီကပဲ ကော်မတီဖွဲ့ပြီး ထိန်းသိမ်းလိုက်တာလို့ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မီတီဝင် ဦးစိုးနိုင်က ပြောပါတယ်။ 

“ကယန်းအမျိုးသားပါတီဆိုတာက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖွဲ့တာပေါ့လေ။ ကယန်းပြည်သစ်ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကယန်းပြည်သစ်ပါတီက လက်နက်ကိုင်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်လို့မရဘူး။ အဲဒါကြောင့် လွှတ်တော်နိုင်ငံရေးလည်း လိုအပ်တယ်ဆိုပြီးတော့ ကယန်းပြည်သစ်ပါတီရဲ့ကိုယ်ပွား ကယန်းအမျိုးသားပါတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်။ အဲတော့ ပထမသက်တမ်းမှာ သိပ်ပြီးပြဿနာမရှိဘူး။ ဒုတိယသက်တမ်းမှာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွေမှာက ပါတီက ကျနော်တို့နဲ့ နည်းနည်း သွေဖီသွားတာပေါ့လေ။ ကျနော်တို့ပေါ်လစီနဲ့ တချို့ကလည်း အလွဲသုံးစားမှုတွေရှိတယ်။ အကုန်လုံးတော့မဟုတ်ဘူး။ အနည်းစုပါပဲ ပါတီကို အလွဲသုံးစား အသုံးချတာတွေရှိတယ်။ နောက်ပြီး အခုချိန်မှာ ပြည်သူရဲ့ ရောဂါသော်လည်းကောင်း၊ တခြားကိစ္စသော်လည်းကောင်း တကွဲတပြားစီဖြစ်နေတော့ တခါဆွေးနွေးတယ်။ တနောက်တခါ ပြန်ချိန်းတဲ့အခါကျတော့ တယောက်မှ ပေါ်မလာဘူးပေါ့လေ။ ကျနော်တို့ နည်းနည်း ဖရိုဖရဲဖြစ်နေတယ်၊ လမ်းကြောင်းလည်း နည်းနည်းလွဲနေသလားပေါ့လေ။ အဲဒါကြောင့် ကျနော်တို့က မူရင်းအဖွဲ့အစည်း၊ မူရင်း ပိုင်ရှင်ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ဒီဟာကို ပြန်ပြီးတော့ ထိန်းလိုက်တဲ့ သဘောပေါ့။ ”

ပါတီကို ဖျက်သိမ်းတာ မဟုတ်ဘဲ ယာယီထိန်းထားလိုက်တာဖြစ်ပြီး  အခြေအနေပေးရင် ကယန်းအမျိုးသားပါတီဗဟိုကော်မီတီဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက နှစ်ဘက်ပြန်လည်ညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။ 

အောက်တိုဘာ ၁ ရက်ကစပြီး ကယန်းအမျိုးသားပါတီ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့ပြီး ကယန်းအမျိုးသားပါတီ ထိန်းသိန်းစောင့်ရှောက်ရေးကော်မတီရဲ့ တာဝန် ဝတ္တရားတွေကို ဒီအစည်းအဝေး ဆုံးဖြတ်ချက်ချမှတ်တဲ့နေ့ကစပြီး ကယန်းအမျိုးသားပါတီအား ပြန်လည်ဖွဲ့စည်းတဲ့နေ့ရက်အထိ တာဝန်ပေးအပ်ထားကြောင်းလည်း ကယန်းပြည်သစ်က ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကယန်းအမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ လည်းဖြစ် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်တဲ့ ခွန်ဘီထူးက “အခုလို တော်လှန်ရေးကာလမှာ နောက်ကနေ ပါတီအာဏာသိမ်းခံရမယ် မထင်ထားဘူး။ အားနာမိတယ် ပါတီနိုင်ငံရေး မိတ်ဖက်များအပေါ်။ ပါတီ/အဖွဲ့အစည်းဆိုတာ ရက်စက်တတ်ကြတယ်။ ဒါပေမဲ့ အမျိုးသားရေးနဲ့ နိုင်ငံရေး ခံယူချက်များတော့ အညံ့မခံကြပါနဲ့။ လူထုကသာ အဓိကပါ။” လို့ လူမှုကွန်ရက်မှာ ရေးပါတယ်။

ကယန်းလူငယ်တဦး ဖြစ်တဲ့ ခွန်ယောဟန်ကလည်း ကယန်းအမျိုးသားပါတီ(KNP) ဗဟို ကော်မတီဟာ  ပါတီညီလာခံမှာ လူထုရွေးကောက်တင်‌မြောက်ထားတာဖြစ်ကြောင်းနဲ့ ဗဟို ကော်မတီဦးဆောင်တဲ့သူအားလုံးကို ယုံကြည်အားကိုးကြောင်း ပြောပါတယ်။

“ကယန်းအမျိုးသားပါတီ(KNP) ဗဟိုကော်မတီဟာ  ပါတီညီလာခံမှာ လူထုရွေးကောက် တင်‌မြောက်ထားတဲ့သူတွေဖြစ်တယ်။ ဗဟိုကော်မတီအားလုံး ဦးဆောင်တဲ့ဆရာ/ဆရာမအားလုံး ကျနော်ယုံကြည်အားကိုးလေးစားတယ်။ အရင်က လုပ်ခဲ့တဲ့ဟာ၊ အခုလုပ်‌နေတဲ့အရာ နောက်လုပ်မယ့်အရာ၊ လုပ်ဆောင်ချက်၊ ယုံကြည်တယ် လေးစားတယ်အသိမှတ်ပြုတယ်။  ဒီသဘောထားထုတ်ပြန်ချက်အပေါ် ကယန်းလူမျိုးပြည်သူလူထုအားလုံး ဝေဖန်သုံးသပ်ကြပါ။ ပြည်သူသာအဓိက ပြည်သူလူထုပေါ်မူတည်တယ်။ ကျနော်က ကယန်း အမျိုးသားပါတီ လူငယ်တစ်ဦးဖြစ်တဲ့အတွက် ကယန်းအမျိုးသားပါတီ အားကောင်းဖို့၊ အောင်မြင်ဖို့ တတ်နိုင်သလောက် ကူညီခဲ့တယ်။ အခုကစပြီး ကယန်းအမျိုးသားပါတီ လူငယ်တစ်ဦးမဟုတ်တော့ပါ။ ”

အလားတူပဲ ကယန်းလူငယ်အများစုကတော့ လက်ရှိပါတီဥက္ကဋ္ဌ ခွန်ဘီထူးကိုသာ အသိအမှတ်ပြုကြောင်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ကယန်းအမျိုးသားပါတီဟာ ၁၉၉၀ ပြည်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ပါတီဖြစ်ပြီး  ဒီနောက် ၂၀၀၉ ခုနှစ်မှာ ပါတီပြန်လည်ထူထောင်ဖွဲ့စည်းခဲ့ကာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

PHOTO- KNLP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024