တောင်တွင်းကြီးတွင် ဒေသခံပြည်သူ ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁ ရက် ည ၁၀ နာရီဝန်းကျင်လောက်က မောင်းတိုင် ၁ ရပ်ကွက်၊ နတ်မောက်လမ်းမှာနေထိုင်တဲ့ တက်တူးဆရာ ကိုဟိုချီမင်း နဲ့ မြို့ရိုးကုန်းလမ်းမှာ နေထိုင်တဲ့ စျေးသည် ကိုဝေမှူးတို့ ၂ ယောက်ကို နေအိမ်တွေကနေ စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ဆွေမျိုးနီးစပ်သူတဦးက ''ဟိုချီမင်းကို သူအိမ်ရှေ့မှာ ရိုက်ပုတ်ပြီး ဖမ်းသွားတာ။ အုန်းဒိုင်းကြဲလို့။ သူ့အိမ်က ဖုန်းတွေလည်း သိမ်းသွားတယ်'' လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကိုဟိုချီမင်း အိမ်ကို ဝင်ရောက်စဉ် မျက်နှာချင်းဆိုင်မှာရှိတဲ့ စျေးဆိုင်ပိုင်ရှင်တွေက ကြည့်တဲ့အတွက် အဆိုပါစျေးဆိုင်အိမ်ထဲကိုပါ ဥပဒေမဲ့ဝင်ရောက်ပြီး နောက်ဆုံးပေါ် iphone ၁ လုံးနဲ့ စျေးရောင်းထားငွေ ၅ သိန်းဝန်းကျင်ကိုလည်း ယူဆောင်သွားပြီး ဆိုင်ကယ်တွေကိုပါ ရိုက်ဖျက်သွားတယ်လို့ သိရပါတယ်။

နီးစပ်သူတဦးက ''ကိုဝေမှူးကို အိမ်ရှေ့ခေါ်ပြီး အသေရိုက်တာ။ ပျော့ခွေလဲသွားတော့မှ ကားပေါ်တင်ခေါ်သွားတာ။ သူတို့လုပ်နေတာကိုကြည့်လို့ဆိုပြီး ကြည့်တဲ့သူတွေရဲ့အိမ်တွေထဲအထိ ဝင်ရိုက်တာ။ ဆိုးပါတယ်ဗျာ'' လို့ ပြောပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရသူ ကိုဟိုချီမင်း နဲ့ ကိုဝေမှူးတို့ကို တောင်တွင်းကြီးမြို့နယ်ခန်းမ စစ်ကြောရေးနဲ့ မြို့နယ်ခန်းမအနီးက စရဖရုံးတွေမှာ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်က ဗိုလ်မှူးသက်ခိုင်ထွန်း ဦးဆောင်ပြီး အလွန်အမင်းညှင်းပန်းနှိပ်စက်ထားတယ်လို့လည်း စစ်ကြောရေး နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတဦးက ''ဒီစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေဘဝတွေက အိမ်ထဲနေရတာကို မလုံခြုံတော့တဲ့အပြင် တချို့မိသားစုတွေဆိုရင် ဘဝတွေပါပျက်ကုန်ပြီ။ ပြည်သူတွေကို လက်နှက်အားကိုးပြီး နိုင့်ထက်စီးနင်းအရမ်း ဒုက္ခအပေးဆုံး စစ်တပ်ပါပဲ'' သုံးသပ်ပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀၀ နီးပါးရှိနေပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးဟာ ပုဒ်မ ၅၀၅ (က) အပါအဝင် အခြားပုဒ်မတွေနဲ့ ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေကြရ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''အဓိကကတော့ PDF တွေနဲ့ အဆက်အသွယ်ရှိလားဆိုတဲ့ မေးခွန်းတွေ မေးတယ်။ လက်ကို နောက်ပြန်ကြိုးတုတ် မှောက်ယားထိုးခိုင်းပြီး   ကျောကို ရိုက်တယ်။ ဒူးထောက်ခိုင်းပြီး မေးလိုက်ရိုက်လိုက်ပဲ။ ဆေးလိပ်မီးနဲ့လည်းထိုးတယ်။ ခြေသည်းတွေကြားကို သံချွန်နဲ့ ထိုးတယ်ဗျာ။   ခေါင်းကိုသေနတ်နဲ့ ထောက်ပြီးတော့လည်း သေရဲလားမေးတယ်။ ခေါင်းတွေကို လည်း စစ်ဖိနပ်နဲ့လည်း ကန်တယ်။ လူကို ရှော့တိုက်တယ်ဗျာ။  နောက်ထပ်လည်း ရှိသေးတယ်။ ပြည်သူကို နှိပ်စက်နည်းအစုံနဲ့ နှိပ်စက်ကြတာ'' လို့ စစ်ကြောရေးကနေ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာနှိပ်စက်ခံရသူတွေဟာ မိသားစုတွေနဲ့ လည်း တွေ့ခွင့်မရသလို ဆေးကုသခွင့်တွေ ဆုံးရှုံးနေပြီး စစ်ကြောရေးကနေ ပြန်လည်လွတ် မြောက်လာသူတွေဟာလည်း နှိပ်စက်တဲ့ဒဏ်တွေကြောင့် လနဲ့ချီပြီး ဆေးကုသရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“ပြည်သူတွေကို စစ်ကောင်စီက အခုလို ဖမ်းပြီး နှိပ်စက်နေတာဟာ လူငယ်တွေရဲ့ စိတ်ထဲမှာ စစ်တပ်မုန်းစိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး စစ်တပ်ရဲ့ ကျရှုံးမှု မြန်စေတာပေါ့။ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ကျရှုံးသွားတာ မဟုတ်တော့ဘဲ အလုံးစုံပျက်စီးသွားပြီ” လို့ စစ်တပ်ကိုစွန့်ခွာပြီး CDM ပြုလုပ်ကာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ရောက်ရှိနေတဲ့ ဗိုလ်ကြီး တဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up