ဝေါမြို့နယ်က လူငယ်တစ်ဦး စစ်ကြောရေးတွင် ရရှိသည့်ဒဏ်ရာများကြောင့် သေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်က ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ စိုင်းမွန်ဇော် ဟာ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးကာလအတွင်း လူမဆန်စွာနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ပဲခူးမြို့၊ စွယ်တော်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဆွေမျိုးတော်စပ်သူတဦးက “စပြီးအဖမ်းခံရကတည်းက စစ်ကြောရေးမှာ နှိပ်စက်ခံရတယ်ပြောတယ်။ ပြန်လွတ်လာကတည်းက ဆေးကုရတာ။ လူမဆန်စွာ လူသားချင်းမစာနာဘဲ နှိပ်စက်ခံထားရတာ တော်တော်လေးခံစားသွားရတယ်။ ဆေးစစ်ချက်တွေအရ အသည်းမှာအနာတွေ့တယ်။ ဘေလုံးကွဲတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ကွယ်လွန်သွားသူဟာ စိုင်းမွန်ဇော် ဆိုသူ လူငယ်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း စာရွက်စာတမ်းဝေငှခဲ့တဲ့အတွက် ဧပြီ ၁၈ ရက်နေ့က အဖမ်းခံခဲ့ရကာ အောက်တိုဘာ ၁၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာလို့ သိရပါတယ်။

စိုင်းမွန်ဇော် သေဆုံးရတာဟာ ဖမ်းဆီးခံရစဉ် လူမဆန်စွာနှိပ်စက်ခံရမှုတွေကနေ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်ဖြစ်တယ်လို့ ပဲခူးမြို့၊ စွယ်တော်ဆေးရုံနဲ့နီးစပ်တဲ့ ဆေးကုသရေးပညာရှင်တွေက အတည်ပြုပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး ၁၀ လအတွင်း စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၁၀၀၀၀ ကျော် ဖမ်းဆီးခံရကာ ၇၆ဝဝ  ကျော်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up