ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုထူးမြတ်လွင်အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး ဒီနေ့မနက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲလောက် စစ်ကောင်စီတပ်သားတွေက ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှုသပိတ်ဦးဆောင်သူ တစ်ဦးတဲ့ ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန တတိယနှစ်ကျောင်းသား ကိုထူးမြတ်လွင်၊ ကိုစိုင်းကိုကိုထွန်းနဲ့ မလဝန်းပြည့်ပြည့်ထွန်းတို့ ၃ ဦးအား ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ကိုထူးမြတ်လွင်ဟာ ထားဝယ်မြို့ပေါ်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှု သပိတ်တွေကို အစဥ်တစိုက်ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက ဘယ်နေရာ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ သပိတ်ကော်မတီတာဝန်ရှိသူတဦးက ပြောပါတယ်။
“ထားဝယ်မှာက လက်ရှိအချိန်မှာ လူထုလှုပ်ရှားမှုသပိတ်တွေက အင်အားကောင်းကောင်းနဲ့ မရှိတော့ဘူး။ အဲကျ စစ်တပ်က မြို့ကို သူတို့အုပ်ချုပ်ရေးယန္တရား အသက်ဝင်လာအောင် တဖြည်းဖြည်းအသက်သွင်းနေပြီ။ နောက်ပြီး သပိတ်လှုပ်ရှားမှုကို ဦးဆောင်တဲ့သူတွေ၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေကိုလည်း လွယ်လွယ်ကူကူပဲ့ လိုက်ဖမ်းနေပြီ။ ထားဝယ်မြို့က ကျဥ်းကျဥ်းလေးဗျာ၊ မြို့အဝင်အထွက် ဂိတ်တွေမှာလည်း ပိတ်ပြီးတော့ သေချာစစ်နေတာ၊ အဲလိုမျိုးဖြစ်နေတော့ သူတို့ လိုချင်တဲ့သူကို မြို့အတွင်းမှာ လွယ်လွယ်ကူကူနဲ့ပဲ ဖမ်းလို့ရနေတာ။”
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထားဝယ် နည်းပညာတက္ကသိုလ်ကျောင်းသူ မသိမ့်ဇင်ဇင်ဖူး၊ ထားဝယ်တက္ကသိုလ်ကျောင်းသားဟောင်း ကိုကောင်းမြတ်၊ ထားဝယ်တက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုဇင်လင်းဦးနဲ့ သူငယ်ချင်း ၄ ဦးတို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေရပေမယ့် နေ့စဉ်လိုလို စစ်အာဏာရှင်အား နည်းမျိုးစုံနဲ့ ကန့်ကွက်ဆန္ဒပြနေကြတာပါ။