မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာနေထိုင်တဲ့ ဒေသခံ ပြည်သူ ၃ ယောက်နဲ့ CDM ကျောင်းဆရာ ၁ ယောက်တို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ ရက် ဒီမနက် ၂ နာရီဝန်းကျင်မှာ နေအိမ်တွေကနေ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ''ကားတွေနဲ့ စစ်သား ၂၀ လောက်ရှိမှာပေါ့။ အဖမ်းခံရတဲ့သူတွေရဲ့ အိမ်တွေက မိသားစုဝင်တွေကိုလည်း ရိုက်နှက်သွားကြတာ။ သူတို့က ရွာမှာပဲ နေတဲ့သူတွေ။ CDM ကျောင်းဆရာလေးကလည်း ကျောင်းသာမတက်တာ ရွာမှာနေပြီး တောင်သူအလုပ်ပဲ လုပ်နေတာ'' လို့ ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ ကိုမြတ်ကို၊ ကိုအောင်ကိုမင်း၊ ကိုအောင်ထွန်းနိုင်နဲ့ CDM ကျောင်းဆရာ ကိုမျိုးဇေယျာကျော်တို့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေပါတယ်။
ထွက်ပြေးတိမ်းရှောင်လာရသူတဦးက ''သူတို့ကားတွေထပ်ဝင်လာတော့ ကျနော်တို့လည်း ထွက်ပြေးလာရတယ်။ ထွက်ပြေးလာရတဲ့ အရေအတွက်တော့များတယ်။ ဘာမှမဟုတ်ဘဲ အဖမ်း မခံနိုင်ကြဘူး။ ရွာက ဒလန်က ၁၅ ယောက်စာရင်းပေးလို့ လာဖမ်းတာတဲ့လေ။ စစ်သားတွေက ရွာကို မီးရှို့မယ်လို့လည်း ခြိမ်းခြောက်နေတယ်။ '' လို့ ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကား ၃ စီးနဲ့ တွင်းကြီးကျေးရွာကို ပြန်လည်ရောက်ရှိလာပြီး ၄ ဦးသာဖမ်းမိသေးတဲ့အတွက် ကျန်တဲ့ ၁၁ ယောက် ဖမ်းမမိမချင်းမပြန်ဘဲ ကျေးရွာမှာတပ်စွဲနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တွင်းကြီးကျေးရွာက CDM ကျောင်းဆရာ ၁ ဦးနဲ့ ဒေသခံပြည်သူ ၃ ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ရာ ''အဲ့ဒိကိစ္စ သူတို့စခန်းက မသိရသေးဘူး။ စစ်တပ်ကိုမေးပါ'' လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။