ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေကို တတိယအကြိမ် အားဖြည့် Booster ဆေးထိုးပေးနိုင်ဖို့ Pfizer ကာကွယ်ဆေးသန်း ၃၀ ကို ထိုင်းအစိုးရက ဝယ်ယူဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်းဗီ ရာကူလ်က “ခုမှာယူထားတဲ့ ကာကွယ်ဆေးသန်း ၃၀ ကိုတော့ အစောပိုင်း ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူတွေရဲ့ ကိုယ်ခံစွမ်းအားတွေကို မြှင့်တင်ပေးဖို့အတွက် ထိုးနှံပေးသွားဖို့ စီစဉ် ထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး အ လုံအလောက်ရှိနေပြီး AstraZeneca ကာကွယ်ဆေးသန်း ၆၀ လည်း ဝယ်ယူထားခဲ့ပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အဆိုပါ မှာယူထားတဲ့ ကာကွယ်ဆေးတွေကတော့ လာမယ့် ၂၀၂၂ ခုနှစ်၊ ပထမ သုံးလ ပတ်အတွင်း ရောက်ရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ကာကွယ်ဆေးဝယ်ယူမှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးပွဲကိုတော့ အခုသီတင်းပတ် အစောပိုင်းမှာ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနတာဝန်ရှိသူနဲ့ Pfizer ဆေး ကုမ္ပဏီက ထိုင်းနိုင်ငံဆိုင်ရာ အကြီးအကဲတို့ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်ကတော့ ခုလိုဝယ်ယူမှုကနေ Pfizer ဆေး ကုမ္ပဏီ ဘက်က ထိုင်းနိုင်ငံကို အထူးအခွင့်အရေးအနေနဲ့ ကာကွယ်ဆေးသန်း ၂၀ ထပ်မံဝယ် ယူမယ်ဆိုရင် ဘာအာမခံကြိုတင်ငွေမှ ပေးစရာမလိုကြောင်း သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။
“လာမယ့်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးမျိုးရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတဝန်း အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ငယ် ၅ သန်းလောက်ကိုလည်း ဆေးဝါးကွပ်ကဲရေးဌာန အသိအမှတ်ပြုမှုနဲ့ Pfizer ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်ဖို့ စီစဉ်ထားပါတယ်”လို့ ဝန်ကြီး အနုတင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ခရီးသွားကဏ္ဍကို ပြန်လည် နာလန်ထူနိုင်ဖို့ ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်ခွင့်နဲ့အတူ စာသင်ကျောင်းတွေကိုလည်း အခုလဆန်းက ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၂ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၀,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။