
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အပြစ်မဲ့ ပြည်သူ ၉ ဦးအနက် ၅ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်နဲ့ နိုဝင်ဘာလ ၂၄ ရက်မနက်တို့မှာ ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက် ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် တပ်ကားနဲ့ အိမ်တိုင်ရာရောက်လိုက်လံ ပို့ဆောင်ပေးခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပြည်လည်လွှတ်ပေးလိုက်တဲ့ ပြည်သူ ၅ ဦးကတော့ ဦးတင်ညွန့်၊ ဦးကိုလေး၊ ဦးကင်မြင့်၊ ဦးဝင်းရှိန်နဲ့ ဦးငယ်ငယ်တို့ ဖြစ်ပြီး စစ်ကောင်စီတပ်က ရိုက်နှက်တာမျိုးမရှိဘဲ စစ်ဆေးမေးမြန်းတာပဲရှိတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖမ်းဆီး စစ်ဆေးခံနေရသူ ၄ ဦးကတော့ ဦးအောင်စိုး၊ ကိုပြည်စိုး၊ ကိုသက်ကိုဦး၊ မမြတ်မြတ်တို့ ဖြစ်ပြီး ဘာကြောင့် ပြန်မလွှတ်ပေးသေးတာလဲဆိုတာတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။