Home
မြန်မာသတင်း
အသက် ၄၀ ကျော်အရွယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ဟု စစ်ကောင်စီ ကြေညာ
DVB
·
November 26, 2021

အသက် ၄၀ နဲ့အထက် ပြည်သူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပြီး နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြဖို့ စစ်ကောင်စီက ကြေညာပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေ အလိုက် ထိုးနှံပေးနေပြီး နိုဝင်ဘာ ၂၃ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၇ သန်း၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၁ ဒသမ ၀၁ သန်းနဲ့ စုစုပေါင်း ၁၅ ဒသမ ၇၈ သန်းရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတာပါ။

အရင်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်မယ့် ပြည်သူတွေရဲ့ အသက်အရွယ်အလိုက် ၆၅ နှစ်အထက်၊ ၅၅ နှစ်အထက်၊ ၄၅ နှစ်အထက်စတဲ့ သတ်မှတ်ချက်တွေနဲ့ ထိုးနှံပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ Sinopharm ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့ပြီး ၆ ကြိမ်ခွဲ ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာလည်း တရုတ်နိုင်ငံက လှူဒါန်းတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်း ထပ်မံရောက်ရှိထားခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ်ကုန်မှာတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစု မှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင် သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တာ ၁၀ လနီး ပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်း တွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024