ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး ရထားဘူတာရုံလည်းဖြစ် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီလည်း ဖြစ်တဲ့ ဘန်ကောက် ဗဟိုမီးရထားဘူတာရုံကြီးကို လာမယ့်ဒီဇင်ဘာလထဲမှာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။
မီးရထားလုပ်ငန်းရဲ့ ကြွေးမြီပြဿနာ ဖြေရှင်းဖို့နဲ့ ပိုမိုတိုးတက်တဲ့ လူမှုစီးပွား ပြုပြင်ပြောင်းလဲ ရေးတွေ ဆောင်ရွက်ဖို့ ဟိုလမ်းဖုန်းလို့ လူသိများတဲ့ ဘန်ကောက်ဗဟိုမီးရထားဘူတာရုံကို လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ ပိတ်သိမ်းတော့မယ်လို့ ထိုင်းအမျိုးသားမီးရထားဌာနက ဒီအစောပိုင်းက ကြေညာထားတာပါ။
ဟိုလမ်းဖုန်းဗဟိုဘူတာကို ပိတ်သိမ်းပြီး ခရီးတိုနဲ့ ခရီးဝေးမီးရထားခရီးစဉ်တွေကို ကျဒူးကျတ်နယ်မြေရှိ ဘန်ဆိဘူတာရုံကိုပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။
အဆိုပါ ဟိုလမ်းဖုန်းဘူတာရုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၅ နှစ်က ထိုင်းနိုင်ငံရဲ့ ပဉ္စမမြောက်မင်းဆက် ကျူလာလောင်ကွန်းဘုရင်လက်ထက်မှာအုတ်မြစ်ချတည်ဆောက်ခဲ့ပြီး ထိုင်းပြည်သူ မျိုးဆက် ၃ ဆက်လောက်က ခရီးသွားလာ တထောက်နားခိုရာ၊ ကျင်လည်ကျက်စားလုပ်ကိုင်စားသောက်ရာ၊ ထင်ရှားတဲ့အချက်အခြာနေရာ၊ အမှတ်တရတွေများစွာကျန်ခဲ့တာကြောင့် ပြည်သူအများစုက နှမျောတသ ဖြစ်နေပြီး ထိုင်းမီးရထားအလုပ်သမားများသမဂ္ဂကလည်း ဘူတာမပိတ်သိမ်းဖို့ တောင်းဆို ဆန္ဒပြခဲ့တာတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် ဟိုလမ်းဖုန်းဘူတာနားက ဈေးသည်တွေ၊ အငှားဆိုင်ကယ်သမားတွေ၊ ဆိုင်ဖွင့်ထားသူ တွေဟာ ဘူတာရုံပိတ်ရင် တခြားနေရာမှာ နေရာသစ်ရှာရမှာ မလွယ်လှကြောင်း၊ တချို့ ဈေးသည်တွေမှာ မိဘလက်ထက်ကတည်းက ရောင်းဝယ်လာတဲ့နေရာဖြစ်ပြီး၊ တချို့ကလည်း သားသမီးကိုကြိုပို့ရလွယ်ကူအောင် ဘူတာနားနီးစာသင်ကျောင်းတွေမှာအပ်ထားတာကြောင့် ဘူတတာပိတ်ရင် ကလေးတွေပါကျောင်းပြောင်းရမယ့်အနေအထားရှိနေတယ်လို့ ဆိုပါတယ်။
ခရီးသည်အတော်များများကလည်း ဟိုလမ်းဖုန်းဘူတာကနေ ဘန်ဆိဘူတာကို ရထား ပြောင်းစီးရရင် နေ့စဉ်ခရီးစရိတ်နောက်ထပ် ၄၂ ဘတ်လောက် ထပ်ကုန်မှာမို့ ဘူတာပိတ်မှာကို သဘောမတူ ဖြစ်နေတာပါ။
တချို့ကတော့ အစိုးရမီးရထားဌာနက ပြုပြင်ပြောင်းလဲမှုလုပ်မယ့် ပုံစံသစ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မျှော်လင့်နေပြီး ပထမမူလလက်ဟောင်း ဘူတာရုံကြီးကိုတော့ နောင်လာနောက်သားတွေကြည့်ဖို့ ပုံစံမပျက်အမှတ်တရ ထိန်းသိမ်းထား သင့်ကြောင်း အကြံပြု ထားပါတယ်။
အဆိုပါ ဟိုလမ်းဖုန်းဘူတာရုံဧရိယာမှာ ဧက ၅၀ ကျော်ကျယ်ဝန်းပြီး နေ့စဉ်မီးရထား တွဲပေါင်း ၁၅၅ တွဲပြေးဆွဲကာ ခရီးသည်ပေါင်း ၃၀၀၀ ကျော် သွားလာလှုပ်ရှားနေတဲ့ နေရာကြီး တစ်ခု ဖြစ်ပါတယ်။ ကိုးကား - https://www.thairath.co.th/scoop/theissue/2240261