Home
မြန်မာသတင်း
အရာတော်တွင် ပြည်သူ ၂ ဦးကို ပျူစောထီးအဖွဲ့ ဖမ်းဆီး၊ ထွက်ပြေးသူ ၁ ဦး ပစ်သတ်ခံရ
DVB
·
November 25, 2021
259882416_127259973061750_7371523635585839956_n

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာမှာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက လက်နက်ကိုင်ပျူစောထီးတွေ လာရောက်ဖမ်းဆီးသွားသူ ၂ ဦးထဲက ၁ ဦး ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတစ်ဦးက “ရဲကင်းနဲ့ ကပ်နေတဲ့ မူးမြစ်ထဲ ခုန်ချပြီး တ‌ဖက်ကမ်းက ကျောက်ကုန်း ရွာကိုကူး‌ပြေးတာ၊ လိုက်ဖမ်းတော့ သောင်ပြင်မှာ မိတယ်။ သူ့ကို အဲဒီသောင်ပြင်မှာပဲ ပစ်သတ်လိုက်ကြတာ ခေါင်းတချက်၊ ဗိုက်ကိုတချက်။ အလောင်းလာကောက်ရင် ပစ်သတ်မှာလို့ ကြိမ်းသွားတော့ ဘယ်သူမှ  မကောက်ရဲကြဘူး၊ အခု‌တော့ ရွာကတောင်းပန်ပြီး သင်္ဂြိုဟ်ပြီးပါပြီ” လို့ ပြောပါတယ်။

သလဲဘာကျေးရွာ ရွာအရှေ့ပိုင်းမှာ ကုန်စုံဈေးဆိုင်လေးဖွင့်ထားတဲ့ ကိုမင်းနိုင် နဲ့ အခြားတစ်ဦးကို NLD မဲဆွယ်စည်ရုံးရေးကာလက ပါဝင်ခဲ့တယ်ဆိုပြီး ရွာခံလက်နက်ကိုင်ပျူစောထီး အယောက် ၂၀ လောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဦးဆောင်ဖမ်းဆီးသူ ပျူစောထီးခေါင်းဆောင်ဟာ မကြာခင်ရက်တွေကမှ သလဲဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာကာ ကိုမင်းနိုင်ကို သတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ခေါ်လာပြီး ဈေးဆိုင်က အရက်နဲ့ဘီယာအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို မွှေနှောက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးတွေဟာ ပုဂ္ဂိုလ်ရေးအရ မတည့်တဲ့သူတွေကို အကြောင်းအမျိုးမျိုးပြ သတင်းပေးဖမ်းဆီးခိုင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024