
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၉ ရက်နေ့ကစပြီး အန်အယ်လ်ဒီ အမတ်နှစ်ယောက်ရဲ့ ဓာတ်ပုံပြပြီး တရွာဝင်တရွာထွက် လိုက်လံရှာဖွေကာ အပြစ်မဲ့ရွာသားတွေကို ရိုက်နှက်စစ်ဆေး မေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းနာ၊ သပြေကုန်း၊ အင်းတိုင်းကျေးရွာအုပ်စုတွေက ကျေးရွာတွေမှာ ရေဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမြင့်ထွေးနဲ့ ဝက်လက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာနိုင်အောင်တို့ရဲ့ ဓာတ်ပုံတွေပြပြီး လိုက်လံစစ်ဆေးမေးမြန်းနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီပုံတွေပြပြီး ရွာသားတွေ ရိုက်နှက်စစ်ဆေးခံရတာ။ ပထမ ရွာထဲဝင်လာပြီး အိမ်ထဲရှိတဲ့သူတွေ အကုန် ရွာလယ်လမ်းမကြီးပေါ် အကုန်ခေါ်တယ်။ နေပူကြီးထဲမှာ လက်ကို ခေါင်းပေါ်တင် ဒူးထောက်ခိုင်းထားတယ်။ နောက်ပြီး လွှတ်တော်အမတ်နှစ်ယောက်ရဲ့ပုံကို ပြပြီး သူတို့ကို သိလား၊ ဘယ်မှာ နေတာလဲ၊ ဘာတွေ လုပ်နေလဲ အဲဒီလိုမေးခွန်းတွေ မေးတယ်ဗျ။ ကျနော်တို့ရွာက လူတွေက မသိဘူးလို့ဖြေတော့ ဒါလေးတောင်မသိဘူးလား၊ သိလျက်သားနဲ့ လိမ်နေတာလားလို့ ပြောပြီး စစ်ဖိနပ်တွေနဲ့ ကန်ခံရတယ်။ လက်သီးတွေနဲ့ အထိုးခံရတယ်ဗျ။ ဘယ်နှဦးလောက် အထိုးခံရတာလဲဆိုတော လူတိုင်းနည်းပါးပဲဗျ။ သူတို့စစ်ဆေးနေတဲ့သူတာ ခေါင်းမော့ဖြေရတာ။ ကျန်တဲ့သူတွေ အကုန်ခေါင်းငုံထားရတာလို့ အမည်မဖော်လိုတဲ့ ရေဦးမြို့နယ် ရွာသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
လွှတ်တော်အမတ် နှစ်ယောက်လုံးဟာ စစ်ကောင်စီရဲ့ ရှာဖွေဖမ်းဆီးမှာကို သိတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေကြတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။