Home
ဆောင်းပါး
အောင်သပြေပန်းများနဲ့ ကြိုဆိုခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)
DVB
·
November 22, 2021

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က သတင်းတွေမှာ မကွေးတိုင်း ဆောမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့  တိုက်ပွဲဖြစ်ပြီး ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွှဲရာက ပြန်လာကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေကို ပြည်သူလူထုက လှိုက်လှဲဝမ်းသာစွာနဲ့ အောင်သပြေပန်းများ ကမ်းကာ ကြိုဆိုနေကြတဲ့ သတင်းတွေကို အင်တာနက်စာမျက်နှာ‌တွေမှာ ဖတ်ရှုခဲ့ရပါတယ်။ 

ဘာကြောင့် ပြည်သူလူထုက မတွေ့ဖူး၊ မမြင်ဖူး၊ သွေးမတော်သားမစပ်ကြတဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) တွေကို အခုလို ရင်ထဲ အသည်းထဲကနေ ဘယ်သူကမှ စေခိုင်းစရာမလိုဘဲ ကိုယ်သဘောနဲ့ကိုယ် အောင်သပြေပန်းတွေနဲ့ ကြိုဆိုကြရတာဆိုတာကို လေ့လာဆန်းစစ်ကြည့်လိုက်ရင် အောက်ပါအကြောင်းအရင်းများက ညွှန်ပြနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ပေါ်ထွန်းလာရခြင်းသမိုင်းကြောင်း 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်အမည်ခံ အကြမ်းဖက်စစ်တပ်ဟာ တရားဝင်ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို ရယူကာ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေကိုလည်း အကြမ်းဖက် နှိပ်စက်သတ်ဖြတ်၊ ထောင်သွင်းအကျဉ်းချ၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်တာလိုမျိုး  စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေခဲ့တာမို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှာ ဖက်ဒရယ်ပြည်‌ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ တရားဝင်ပြည်သူ့တပ်မတော်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ကိုဖွဲ့စည်းခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ

(၁) ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ် အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်အား ချုပ်ငြိမ်းရေး။

(၂) ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး။

(၃) ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးအတွက် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ သစ္စာအဓိဋ္ဌာန် (၄) ချက် 

၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။

၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။

၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။

၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။

လုပ်ငန်းတာဝန်များ

(၁) ပြည်သူလူထု လုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်တားဆီးရေးနှင့် ပြည်ထောင်စု ကာကွယ်ရေးတို့အတွက် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်။

(၂) အာဏာရှင်အား ခုခံတွန်းလှန်သည့် တရားသောစစ်ကို ဆင်နွှဲရန်။

(၃) ကာကွယ်ရေးဇုန်များ အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ရန်။

(၄) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ ဖြစ်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ အောက်ပါ ပြည်သူကာကွယ်ရေးတပ်‌တော်သားကျင့်ဝတ် ၁၁ပါး (PDF Soldiers Rule ) ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။

💢 ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တန်ဖိုးများ

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို  ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ တပ်မတော်ရဲ့  စံတန်ဖိုး (၆) ချက်ကိုလည်း အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ 

(၁) ရဲဝံ့စွန့်စားမှု

(၂) တာဝန်ကျေပြွန်မှု

(၃) သစ္စာရှိမှု

(၄) အမိန့်နာခံမှု

(၅) စည်းကမ်းလိုက်နာမှု

(၆) ရဲဘော်ရဲဘက်စိတ်ထားရှိမှု

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဘက်ဆိုင်ရာ တန်ဖိုးထားမှု

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာ တန်ဖိုးထားမှုမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်သူလူထုအပေါ်

၁) သစ္စာစောင့်သိခြင်း

၂) ဂုဏ်သိက္ခာရှိခြင်း

၃) ရဲရင့်မှုရှိခြင်း

၄) ရိုးသားမှုရှိခြင်း

၅) ဖက်ဒရယ်ပြည်ထောင်စုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း

၆) Law of Armed Conflicts အပါအဝင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်း စတာတွေ ဖြစ်ကြပါတယ်။

ပြည်သူကာကွယ်ရေးတပ်‌တော်သားကျင့်ဝတ်၁၁ပါး (PDF Soldiers Rule)

(၁) စစ်ရေးရည်မှန်းချက်များဖြင့်သာ တိုက်ပွဲဖော်ဆောင်ရမည်။ 

(၂) စစ်ဆင်ရေးဆောင်ရွက်ရာတွင် လိုအပ်သောအင်အားကိုသာ အသုံးပြု၍ ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် စီမံရမည်။

(၃) အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည်။ အရပ်သားပြည်သူပိုင် ဥစ္စာပစ္စည်းများကို ထိပါးခြင်း မပြုရ။

(၄) ဘာသာရေးအဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားတန်ဖိုးထားရမည်။

(၅) လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေသများကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။

(၆) ခေါင်းဆောင်များသည် စံနမူနာပြခေါင်းဆောင်မှုကို ပြသ၍ လက်အောက်ငယ်သားများအပေါ် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရမည်။

(၇) အထက်ကွပ်ကဲမှု အဆင့်ဆင့်မှ ပေးအပ်သော အမိန့်နှင့်တာဝန်များကို လေးစားလိုက်နာရမည်။

(၈) တပ်ဖွဲ့ဝင်အချင်းချင်း ရဲဘော်ရဲဘက်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်။

(၉) လူမျိုး ဘာသာ လိင်စိတ်ခံယူချက်ကွဲပြားမှု့အပေါ်မူတည်လျှက် ခွဲခြားဆက်ဆံခြင်း မပြုရ။

(၁၀) မူးယစ်ဆေးဝါးသုံးစွဲခြင်း မပြုရ။

(၁၁) လူမှုရေးရှုပ်ထွေးခြင်း မပြုရ။

လာခြင်းကောင်းပြီး သမိုင်းလိုအပ်ချက်အရ မြန်မာနိုင်ငံရဲ့ မြို့နယ်အများအပြားမှာ ပေါ်ထွန်းလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လူတစ်ယောက်ကို စစ်တပ်သူလျှိုဒလန်တွေလို့ ပြောရုံနဲ့ PDF က ချက်ချင်း မစီရင်ပါဘူး။ တကယ်ဟုတ်၊ မဟုတ် အဆင့်ဆင့် စိစစ်ပါတယ်။ သေချာပြီဆိုရင်တော့ ပြင်ဆင်ဖို့ အရင်အသိပေးပါတယ်။ သတိပေးတာကိုမှ ဂရုမစိုက်ဘဲ ပြည်သူကို ဆက်ဒုက္ခ‌ပေးပြီး ဒလန် ဆက်လုပ်မှ အပြစ်ပေးစီရင်ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ခုထိ ဒလန်မလုပ်တဲ့သူတွေကို တယောက်မှတောင် မှားပြီး မသတ်ခဲ့ကြပါဘူး။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဟာ ပြည်သူကျွေးတာစား၊ ပြည်သူ လှူတာယူ၊ ပြည်သူ ကြည်ဖြူအောင် နေကြပါတယ်။ တခြားတဘက်က  ဖက်ဆစ်စစ်တပ်နဲ့ နောက်လိုက်လက်ပါးစေ ရဲသား ပျူစောထီး ဆိုတဲ့ လူမိုက် လူယုတ်မာတွေကတော့ ပြည်သူကို ဆက်ဆံရာမှာ PDF တောင် မဟုတ်သေးဘူး၊

PDF ထောက်ပံ့သူလို့ စွပ်စွဲကြည့်လိုက်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် မစဉ်းစားဘူး၊ အိမ်ကို ခွေးတွေ လာဝိုင်းသလို ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်ကြတော့တာပဲ။ ဖမ်းတာတောင် အဖေမတွေ့ သားသမီး ဖမ်း၊ သားသမီး မတွေ့ မိဘဖမ်း လုပ်တာ။ ပြီးရင် နောက်နေ့ အလောင်းလာကောက်ခိုင်းတာ  ပြည်သူတွေက ခံစားသိရှိ နာကြည်းနေကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြို့ထဲ ရွာထဲ ဝင်စီးတဲ့အခါ ပလာတာ‌တွေ့ ပလာတာ ခိုးစား၊ ဖုန်းဆိုင်ဆို ဖုန်းလု၊ ဆိုင်ကယ်လု၊ ပြည်သူ့ပစ္စည်းဥစ္စာတွေကို ခိုးဆိုးလုယက် ဓားပြတိုက်နေကြတဲ့ သတင်းဓာတ်ပုံ ဗွီဒီယိုတွေဟာ စစ်တပ်ဆိုတာ ဓားပြ သူခိုးတပ် ဆိုတာ ပြည်သူလူထုက အသည်းထဲမှာ စွဲအောင် နာကြည်းမှတ်ယူထားပြီးကြပါပြီ။

ဒီဆောင်းပါးကို နိဂုံးချုပ် ကိုယ်တွေ့ခံစားနားလည်လာတဲ့ ပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တွေအပေါ် PDF တွေ နင်းလိုက်သောမြေဟာ အောင်မြေတွေဖြစ်လို့ အောင်ပွဲတွေ ဆက်တိုက်ရပါစေ၊ PDF တွေအားလုံး ဘေးကင်းကြပါစေလို ရင်တွင်းကိုယ်စီ ဆန္ဒတွေ ရှိကြပါတယ်။

ပြည်သူနဲ့ စစ်ခင်း၊ ပြည်သူကို နေလို မီးလို ကျင့်ပြီး လက်နက်အားကိုးနဲ့ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ဗိုလ်ကျနေတဲ့ သမ္မတရူး မအလနဲ့ နောက်လိုက် စစ်အခွင့်ထူးခံ ဓားပြတသိုက် အမြန်ကျဆုံးပြီး သမိုင်းလိုအပ်ချက်အရ ပြည်သူလူထုကြားက ပေါက်ဖွားလာပြီး မိဘပြည်သူကို ထိတွေ့ဆက်ဆံရာမှာ ရေလို လလို ကျင့်ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့သားသမီးတွေကို ရောက်လေရာအရပ်မှာ မြန်မာနွေဦးတော်လှန်ရေး ပြီးဆုံးသည့်တိုင် ရင်မှာ ပိုက်ထွေးလက်ခံကြိုဆို သပြေပန်းများ ကမ်းနေကြမှာ အမှန်မုချဖြစ်ပါကြောင်း ရေးသား ဂုဏ်ပြုအပ်ပါတယ်။

မင်းကောင်းချစ်

ကိုးကား -
https://mod.nugmyanmar.org/my/peoples-defence-force/
https://my.m.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024