
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွက် ခြောက်မိုင်စစ်ရေးဂိတ်မှာ အမျိုးသား ၂ ဆိုင်ကယ်အတူစီးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုကြိမ်းမောင်ပြီး ထိုင်ထလုပ်ခိုင်းနေတယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာတော့ နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး အမျိုးသား ၂ ယောက်ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေကို စစ်ဆေးတွေ့ရှိရင် ဆဲဆိုကြိမ်းမောင်းပြီး ထိုင်ထ အကြိမ် ၅၀ လုပ်ခိုင်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ညနေနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့အတွင်း လှည့်လည် စစ်ဆေးတာတွေ လုပ်ဆောင်ရာမှာလည်း အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူ စီးနင်းမှုတွေကို ဖမ်းဆီးစစ်ဆေးပြီး ဒဏ်ငွေရိုက် အရေးယူတာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မော်လမြိုင်မှာတော့ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူ စီးနင်းခွင့်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတာ မရှိပေမယ့် အောက်ခြေတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေအပေါ် ဆဲဆိုကြိမ်မောင်းပြီး ထိုင်ထလုပ်ခိုင်းတာနဲ့ ဒဏ်ငွေရိုက် အရေးယူတာတွေ လုပ်ဆောင်လာတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခုနိုဝင်ဘာလကစပြီး ထားဝယ်၊ မြိတ် အပါအဝင် မြို့နယ် ၈ မြို့နယ် ထက်မနည်းမှာ အမျိုးသား ၂ ယောက်ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေ အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။