
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်းမှာ နိုဝင်ဘာ ၁၆ ရက် ညပိုင်းက ရေကြောင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ဒဏ်ရာနဲ့ ဖမ်းဆီးခံရတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးသွားပြီး ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ရေကြောင်း ရဲစခန်းကို ဝင်ရောက်ပစ်ခတ်မှုမှ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေရှိနိုင်ပြီး ပုသိမ်ခရိုင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် မောင်ဉာဏ် သေဆုံးခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“အဲဒီညပစ်ခတ်မှုမှာ သေနတ်မှန်ပြီး အဖမ်းခံလိုက်ရတာ သတင်းလွှင့်တာတော့ တောင်ပေါ်ဆေးရုံကို ခေါ်သွားပြီး ကုပေးတယ်လို့ပြောတယ် နောက်ရက် ကိုဉာဏ်သေပြီဆိုပြီး မိသားစုကို အကြောင်းကြားလာတာ”လို့ မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဉာဏ်ဟာ ခြေထောက်မှာသာ သေနတ်ဒဏ်ရာရရှိ ခဲ့တာကြောင့် စစ်ကြောရေးမှာ လက်လွန်ပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ပစ်ခတ်မှုဖြစ်တဲ့ ညပိုင်းမှာပဲ စစ်ကောင်စီက ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဒေသခံပြည်သူ လူငယ် ၃၀ ကျော်လောက်ကို ပစ်ခတ်မှုမှာပါတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဒေသခံ ပြည်သူ ၅၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။