ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမဲ့ တိုက်ပွဲတွေပြန်ဖြစ် မဖြစ်ကတော့ စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်မှုအပေါ် အဓိကမူတည်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ပြောပါတယ်။
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ခေါင်းဆောင်တွေနဲ့ အွန်လိုင်းက နေပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံစဉ်မှာ နှစ်ဖက်တပ်တွေ အနေနဲ့ ရခိုင်ပြည်နယ်တွင်း အပစ်အခတ်လုံးဝမလုပ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တာပါ။
မစ္စတာဆာဆာကာဝါက ညှိနှိုင်းပေးခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လာခဲ့ရင်တော့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
“မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြီး ငြိမ်သက်နေမလားဆိုတာကတော့ ကံသေကံမ အတိအကျပြောဖို့တော့ ခက်ပါတယ်။ သူစေ့စပ်ညှိနှိုင်းပေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့လည်းပဲ မြေပြင်မှာ တင်းမာမှုတချို့ကတော့ ဆက်လက် ပြီးရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ မြန်မာစစ်တပ်အပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့ဘက်ကနေပြီးတော့ ထိုးစစ်ဆင်လာလို့ရှိရင်တော့ တိုက်ပွဲက အချိန်မရွေးထပ်ဖြစ်နိုင်တဲ့ အနေအထားရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို အမြဲတမ်းအလေးထားပြီးတော့မှ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”
မစ္စတာ ဆာဆာကာဝါဟာ ရခိုင်တိုက်ပွဲတွေ ရပ်တန့်နေတာ တစ်နှစ်ပြည့် အနေနဲ့ ရခိုင်ပြည်နယ်ကို လာရောက်တာဖြစ်သလို စစ်ရှောင်ပြည်သူတွေကိုပါ ကူညီနိုင်ဖို့ လာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဂျပန်အထူးကိုယ်စားလှယ်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားတဲ့ ဗိုလ်ကြီး တဦးပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “မစ္စတာဆာဆာကာဝါနဲ့ အွန်လိုင်းကတွေ့တဲ့ အချိန်မှာ ရခိုင်ဒေသငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုစစ်သုံ့ပန်းတွေလွှတ်ပေးတာကလည်း လူသားချင်းစာနာမှုအရ လွှတ်ပေးတယ်ဆိုပေမဲ့လည်း မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့ စပ်ညှိနှိုင်းပေးမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ဒေသမှာ စစ်ပွဲတွေရပ်နေတယ်ဆိုတာကလည်းပဲ လွန်ခဲ့တဲ့နှစ်တုန်းက သူ့ရဲ့ ကြားဝင်စေ့စပ်ပေးမှု ကြောင့်ပဲဖြစ်ပါတယ်။”လို့ ပြောပါတယ်။
အေအေဘက်က စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မစ္စတာ ဆာဆာကာဝါရဲ့ ညှိနှိုင်းပေးမှုနဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ၁ နှစ်ကျော်ကြာ ယာယီရပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၉ ရက်နေ့က မောင်တောဒေသမှာ အေအေနဲ့ စစ်ကောင်စီတို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။