
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၁၆ ရက် ညပိုင်းက စစ်ကောင်စီသြဇာခံ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို အမည်မသိလိုက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို လာရောက်ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ မိနစ် ၂၀ ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" အရင်ဆုံး သေနတ်သံကြားရတော့ သူတို့ဘာ သူတို့ မူးမူးရူးရူးနဲ့ ပစ်တယ်ထင်တာ အထက ၉ နားမှာလည်း တပ်စွဲထားတော့ အဲ့ကကောင်တွေ မူးပစ်တယ်ထင်နေတာ ပြီးမှ အဲ့နားက လူတွေ မေးကြည့်တော့ အပြန်အလှန်ပစ်နေတယ်ဆိုတာ သိတာ''လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ ဒေသခံပြည်သူတွေက မီးပိတ်နေခဲ့ကြရပြီး ဘယ်အဖွဲ့အစည်းက ဝင်ရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး နီးစပ်ရာ ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။