Home
မြန်မာသတင်း
ခင်ဦးနှင့် ဝက်လက်တွင် ပြည်သူ ၃ ဦးအား စစ်တပ်ကပစ်သတ်၊ နေအိမ်နှင့်ဆိုင်ကယ်အချို့ကို မီးရှို့ဖျက်ဆီး
DVB
·
November 14, 2021
257115307_1247728099036907_1102662636567247261_n
256808660_1247728265703557_5034545896176372275_n
257444214_1247985489011168_480160923859556056_n
257463787_1247728015703582_4246227403693302134_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်က မြက်ရိတ်နေသူတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးအား ပစ်သတ်ပြီး နေအိမ်နဲ့ဆိုင်ကယ် အချို့ကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ်အစီး ၂၀ ကျော် ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာက မြက်ရိတ်နေသူအမျိုးသားတစ်ဦးကို နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာသစ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းလှည့်ရင်း တောထဲမြက်ရိတ်နေတဲ့ သူကို ပစ်သတ်သွားတာ။ မြက်ရိတ်သွားတာ ပြန်မရောက်လို့ လိုက်ကြည့်မှ ပစ်သတ်ခံရမှန်းသိရတာ။” 

သေဆုံးသူဟာ မရမ်းအင်းရွာသား ဦးသာအေး အသက် ၆၅ နှစ်ခန့်လို့သိရပြီး ရွာတောင်ဘက် မြက်ရိတ်နေစဉ် စစ်ကောင်စီစစ်ကြောင်းက ‌သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဝမ်းဗိုက်ကျည်ထိမှန်ကာ နေရာမှာပဲ လဲကျသေဆုံးနေတယ်လို့ သိရပါတယ်။

ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ လောက်က မီးရထားသံလမ်းတလျှောက်သွားခဲ့ပြီး ကုန်းသာရွာနဲ့မရမ်းအင်းရွာ ၂ ရွာကြားမှာရှိတဲ့ ကွမ်းခြံတဲ ၂ လုံးနဲ့ဆိုင်ကယ် ၄ စီး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းက သစ်ဆိမ့်ကျေးရွာအတွင်းက နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားပြီး (အရှေ့) ထုံးဘိုကျေးရွာက အပြစ်မဲ့ပြည်သူနှစ်ဦးကို အကြောင်းမဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့တပ်စွဲထားတဲ့ သစ်ဆိမ့်ရွာက နေအိမ်အချို့ကို ဝင်ရှာပြီး ဘာမှမတွေ့တော့ ဖျက်ဆီးသွားတယ်၊ ဆိုင်ကယ်တွေလည်းယူသွားတယ်။ အဲဒီနောက် ထုံးဘိုရွာဘက် ဆက်သွားပြီး သေနတ်တွေပစ်ဖောက်ပြီးရွာကိုဝင်တော့ ကြောက်အား လန့်အား ပြေးတဲ့သူတစ်ယောက်ကို ပစ်သတ်တယ်။ နောက်တစ်ယောက်ကိုတော့ အိမ်ထဲအထိ လိုက်ပြီးပစ်သတ်လိုက်တယ်” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

အင်အား ၃၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ သစ်ဆိမ့်ကျေးရွာက ဆိုင်ကယ် ၂၂ စီးကို မတရားသဖြင့် စီးယူသွားကြသလို လက်နက် ကြီးတွေနဲ့လည်း အချက် ၃၀ လောက် ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး ပြည်သူနှစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်အရှေ့ခြမ်း၊ ဧရာဝတီ‌မြစ်ရိုးတလျှောက်နေ ပြည်သူတွေဆီက လုယူသွားတဲ့ ဆိုင်ကယ်တွေစီးပြီး ဗျူဟာလမ်းအတိုင်း ရွေဘိုဘက်ကို တပ်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024