
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ချဲရောင်းပြီး ပျူစောထီးအဖွဲ့ကို ထောက်ပံ့ပေးသူ အမျိုးသားတစ်ဦး နိုဝင်ဘာ ၉ ရက်နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပျူစောထီးအဖွဲ့ကိုထောက်ပံ့အားပေးနေတဲ့ တိရစ္ဆာန် ဆေးကုသူ တစ်ဦးဖြစ်တဲ့ ကိုညိုဝင်းကို အမည်မသိ သေနတ်သမားက ၃ ချက်ပစ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“ကိုညိုဝင်းက တိရစ္ဆာန် ဆေးကုရင်း ချဲရောင်းတယ်။ ချဲရောင်းရင်း ပျူစောထီးအဖွဲ့ကို ထောက်ပို့ လုပ်ပေးနေတယ်။ အင်းနားရွာဘက် တိရစ္ဆာန်ဆေးကုပြီးအပြန် သေနတ်နဲ့ ၃ ချက်ပစ်ခံရပြီး သေသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုညိုဝင်း အသတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေပေမယ့်လည်း သေနတ်နဲ့ ဘယ်သူပစ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးရဲထွန်းလည်း ဇွန်လပိုင်းက အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။