တောင်တွင်းကြီး အန်အယ်လ်ဒီလွှတ်တော်အမတ်ဟောင်း ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင်ကို  နိုဝင်ဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က  ရှမ်းပြည်နယ်မှာ  ဖမ်းဆီးလိုက်တယ်လို့ မိသားစုထံက သိရပါတယ်။

မိသားစုဝင်တဦးက ''မနေ့က နေ့လယ် ၁ နာရီဝန်းကျင်လောက်က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့အဝင်မှာ သူ့ညီ ကိုဇော်ဇော်နဲ့အတူ ဖမ်းဆီးခံလိုက်ရတာ။ တောင်ကြီးကို ခေါ်သွားတယ်လို့တော့သိရတယ်။ သူ့မှာ သွေးတိုးရောဂါအခံရှိလို့ သူ့ကျန်းမာရေးအတွက် စိတ်ပူတယ်'' လို့ ပြောပြပါတယ်။

ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားလို့ မတ်လပိုင်းကတည်း နေအိမ်ကနေ တိမ်းရှောင်နေစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ  ၂၀၁၅ ခုနှစ် ကနေ ၂၀၂၀ ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ရဲ့ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က အသက် ၈၄ နှစ်ရှိ ဦးဝင်းမြင့်လှိုင်ရဲ့  ဖခင်နဲ့ မိသားစုဝင်တွေကိုဖမ်းဆီးသွားပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ စက်တင်ဘာ ၁၆ ရက်မှာ ဒုတိယအကြမ် ထပ်မံဖမ်းဆီးခဲ့ပြီး ၃ အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ကလည်း လူမနေတဲ့ ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင် ရဲ့ နေအိမ်ကို အမည်မသိလူတစုက ဝင်ရောက်ဖျက်ဆီးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက မတရားပုဒ်မတွေနဲ့အမှုဖွင့်ထားခံရလို့ ရှောင်တိမ်းနေရတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေနဲ့ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းနေဆီးနေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up