Home
မြန်မာသတင်း
ထားဝယ်မြို့ပေါ်တွင် ဆန်ဆိုင်ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ
DVB
·
November 8, 2021

တနင်္သာရီတိုင်း ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်လမ်းဆုံအနီးမှာ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ဆန်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန်အရောင်းဆိုင်ဖွင့်ထားတဲ့ ဦးခင်မောင်အေးနဲ့ သားဖြစ်သူ ကိုဆင်နီတို့  နေအိမ်မှာရှိနေစဉ် အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဖခင်ဖြစ်သူ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

"နေ့လယ် ၁ နာရီကျော်လောက်က သေနတ်သံ နှစ်ချက်ကြားလိုက်တယ်။ လူလတ်ပိုင်းနှစ်ယောက်  ဆိုင်ကယ်နဲ့နှာခေါင်းစည်းတပ်ပြီး သေနတ်နဲ့လာပစ်သွားတာ။ ဘယ်အဖွဲ့က ဘာကြောင့်လာပစ်လဲဆိုတာတော့မသိရဘူး။ သူ့ညီ NLD အမာခံတစ်ဦးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသေးတယ်” လို့ နီးစပ်သူဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အနီးဝန်းကျင်က ပြည်သူတွေကို ရဲစခန်းခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းကလည်း ဦးခင်မောင်အေးရဲ့ ညီဖြစ်သူ NLD အမာခံ ဦးသိန်းလွင်   သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အခု သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးခင်မောင်အေး ဝမ်းဗိုက်ဒဏ်ရာရ သေဆုံးကာ ကိုဆင်နီကတော့ ခြေထောက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်ပစ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်ခဲ့တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် ဒေသခံတွေကတော့ ပျူစောထီးအဖွဲ့က ပြုလုပ်တာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပေမယ့် ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024