အရာတော်နှင့် တန့်ဆည်တွင် ဒေသခံများ ဖမ်းဆီးနှိပ်စက်ခံနေရ၊ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း အရာတော်နဲ့ တန့်ဆည်မြို့တို့မှာ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နေပြီး ရေသန့်စက်ပိုင်ရှင်တစ်ဦးလည်း သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာကို နိုဝင်ဘာလ ၅ ရက် မနက်ပိုင်းကစပြီး အကြမ်းဖက်စစ်တပ်က အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက်မွှေနှောက်ကာ ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ဝါးရောင်းကျေးရွာကို စစ်ကြောင်းသုံးခုခွဲပြီး ဝင်လာတာ စာသင်ကျောင်းနဲ့ ဘုရားအနီးမှာ တွေ့သမျှ ရွာခံပြည်သူတွေကို ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးနေကြတာ ဖမ်းဆီးခံရသူ အယောက် ၂၀ ကျော် ရှိနိုင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက ဝက်၊ ကြက် စတဲ့အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်ချက်ပြုတ်စားသောက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဝါးရောင်းကျေးရွာဟာ သပိတ်ကာလ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့ရတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်မှာလည်း နိုဝင်ဘာ ၅ ရက်နေ့က မဟာမြိုင်ရပ်ကွက် အထက ၂ အနီး မနက်ပိုင်းနဲ့ ဝါးရငယ် မူးဘောင်ဘက်မှာ နေ့လယ်ပိုင်းတို့မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာကြောင့် မူးဘောင်အနီး အကြမ်ဖက်စစ်တပ်က စစ်ဆေးရေးတွေပြုလုပ်နေစဉ် ကံထူးမဘက်က ရေသန့်ပို့ပြီး ပြန်လာတဲ့ Htike Htike ရေသန့်စက်ရုံပိုင်ရှင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

“မူးဘောင်အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး စကစတွေ စစ်ဆေးနေစဥ် ကံထူးမဘက်က ရေသန့်ပို့ပြီးပြန်လာတဲ့ ကိုထိုက်ကို ပစ်သတ်လိုက်တာ" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့မှာ နိုဝင်ဘာလ ၅ ရက် မနက် ၈ နာရီလောက်ကလည်း စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ်ကလေးမိခင် မမေဇင်ကျော် ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up