
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်း (ကျောက်ဝိုင်း) အနောက်ပေါက်မှာ နိုဝင်ဘာ ၄ ရက် မနက် ၆ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနီးနားရှိ ရဲတပ်ကြပ် တင်လင်းအောင်မှာ သေဆုံးခဲ့ပြီး ဒုရဲအုပ် သိန်းဇော်ဦး မှာ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
“မသင်္ကာစရာ အထုတ်တွေ့တယ်ဆိုပြီး သွားကြည့်တာ။ သူတို့ စစ်ဆေးနေတဲ့အချိန် ပေါက်ကွဲတာလို့ ပြောနေကြတယ်။ တပ်ကြပ်ကတော့ သေသွားတယ်။ ဒုရဲအုပ်ကတော့ ဒဏ်ရာရရုံပဲ။”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ကျောက်ဝိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်က ကျောက်ဝိုင်း ပြန်လည်ဖွင့်လှစ်ကာ အခွန်ကောက်နေတဲ့အတွက် မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ စီးပွားရေးသမားတွေ အနေနဲ့ ကျောက်ဝိုင်းအတွင်း ဝင်ရောက်ပြီး အရောင်းဝယ်လုပ်တာ၊ စစ်ကောင်စီကို အခွန်ပေးဆောင်တာတွေ မလုပ်ဖို့နဲ့ ကျောက်ဝိုင်းအတွင်း ဝင်ရောက်လုပ်ကိုင်ပါက အသက်အန္တရာယ်ရှိတယ်လို့ GZP ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာလည်း မိုးကုတ်-မန္တလေးသွား ကားလမ်းဘေးရှိ ရွှေပြည်ရဲကင်းစခန်းမှာ နိုဝင်ဘာလ ၃ ရက် ညနေ ၅ နာရီကျော်လောက်က သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သိပါတယ်။
ပစ်ခတ်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ကဆိုတာ မသိရပဲ ရွှေပြည်ရဲကင်းစခန်းရှေ့မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကာ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတချို့ က ဆိုကြပါတယ်။
“ ညနေ ၅ နာရီလောက်မှာ ဆိုင်ကယ်နဲ့ လာပစ်သွားတာတဲ့။ စခန်းထဲက ရဲတွေက လည်း ပြန်ပစ်တယ်။ သေနတ်သံ အချက် သုံးဆယ်လောက် ကြားရတယ်။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
ဒဏ်ရာရသူဟာ ရဲတပ်သားမင်းဖြိုးဟိန်းဖြစ်ပြီး ညာဘက်ခြေသလုံးတွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။