
မြန်မာနိုင်ငံမှာ မီဒီယာလုပ်ငန်းတွေအပေါ် စစ်အာဏာပိုင်တွေက စနစ်တကျ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒတွေနဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ သတင်းသမားတွေ အပါအဝင် မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂ရက်နေ့မှာ ကျရောက်တဲ့ “သတင်းသမားတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတာတွေ ပပျောက်ရေးနေ့” မှာ UNESCO က တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် မီဒီယာသမားတွေအတွက် စိုးရိမ်ထိတ်လန့်စရာ အခြေအနေတရပ် ပေါ်ပေါက်နေပြီး သတင်းအချက်အလက်တွေ၊ သဘောထားအမြင်၊ အယူအဆတွေကို လွတ်လပ်စွာ ဖြန့်ဝေမှုတွေမှာလည်း အဟန့်အတား ဖြစ်နေတယ်လို့ UNESCO က ပြောလိုက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ ဖာရန်ဟတ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၉ လတာ ကာလအတွင်း သတင်းသမား ၁၂၆ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၇ ယောက် အပါအဝင် အနည်းဆုံး ၄၇ ယောက်ဟာ အခုအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ ၉ ခုရဲ့ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ ၂၀ ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသလို အရေးယူခံခဲ့ရတဲ့ မီဒီယာလုပ်ငန်း ၄ ခုနဲ့ စီးနင်းရှာဖွေခံရတဲ့ သတင်းဌာန ၉ ခု ရှိတယ်လို့လည်း ပြောပါတယ်။