
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီလက်အောက်ခံ ရဲအစောင့်တွေရှိတဲ့ဂိတ်ကို အောက်တို ၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ပေါင်းစုတွေက လက်နှက်ကြီးနဲ့ပစ်ခတ်တာကြောင့် ရဲ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတပ်ပေါင်းစုတွေဆီက သိရပါတယ်။
အဆိုပါ ပစ်ခတ်တိုက်မှုကို People's Defence Force Myinmu(MMUPDF) မှ ဦးဆောင်ပြီး မဟာမိတ်ညီနောင်များဖြစ်ကြတဲ့ Black Eagle Defence Force(MMU)၊ မြင်းမူလျပ်စီး ပြောက်ကျားတပ်ဖွဲ့၊ Falcon Force၊ Myin Mu Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
MMU-PDF အဖွဲ့ တာဝန်ခံက “အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး ကင်းစောင့်နေသော ရခတွေကို တန်ဆောင်တိုင်အကြို လက်ဆောင် လက်နက်ကြီးနဲ့ ကျွေးလိုက်တာ၊ ၂ ကောင်ကျပြီး ၃ ကောင်က ဒဏ်ရာပြင်အထန်တယ်လို့ သိထားတယ်။ တပ်ပေါင်းစုရဲဘော်တွေဘက်ကတော့ ထိခိုက်အကျအရှုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ အတည်ပြုပြောပါတယ်။
ရဲဂိတ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မြင်းမူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ဖြူပင်သစ်ဆိမ့်ကျေးရွာမှာလည်း နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံခဲ့ရပါတယ်။
သတင်းပေးဆိုသူ ဦးမြင့်ချွန်ဟာ မုံရွာ-အမြင့်ကားလမ်းပေါ်မှာ နေ့လယ် ၂ နာရီလောက် အမည်မသိအဖွဲ့ရဲ့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဦးမြင့်ချွန်က စစ်ကောင်စီကို သတင်းပေးနေတာ။ သူ့လုပ်ငန်းက အတိုးလည်းပေးတယ်။ ရွာထဲက ကလေးတွေ သူ့ကြောင့်ပြေးရတာတွေရှိတယ်။ မုံရွာ-အမြင့်ကားလမ်းပေါ်မှာ ပစ်ခံရတာ၊ ဘယ်သူပစ်သွားလဲတော့မသိဘူး။ နှစ်ချက်ပစ်သွားတာ။”
ဦးမြင့်ချွန်ကို South Monywa PDF နဲ့ Monywa Heros Group တို့ ပူးပေါင်းပြီး နိုဝင်ဘာ သေနတ်နဲ့ နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားအပြီး နေ့လယ်ပိုင်းလောက် မုံရွာ-အမြင့် ကားလမ်းဘေးရှိ ချောင်းဆုံရွာမှာ စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီး ရွာအချို့ကို ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။