စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ အမှတ် ၃ လမ်းမကြီးလို့ခေါ်တဲ့ စစ်ကိုင်း-ကျောက်မြောင်း ဗျူဟာလမ်းဘေးက ရွှေညောင်တော်ဘုရားအနီးမှာ ခရီးသွားပြည်သူတချို့ရဲ့ ရုပ်အလောင်းတွေ တွေ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
“ဗျူဟာလမ်းဘက်က ရွာစဉ်လည်း ကျဲတယ်။ အသွားအလာလည်း နည်းတယ်။ ရွှေညောင်တော်ဘုရားဆိုတာကလည်း လူသူမနီးတဲ့နေရာ တည်ထားတာ။ အဲဒီနေရာကို စစ်တပ်က ခဏ ခဏ လာပြီး တပ်စွဲတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ညှဉ်းပန်းသတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတစ်လောင်းကို အောက်တိုဘာ ၂၆ ရက်က စတင်တွေ့ခဲ့ ရပြီး ဦးခေါင်းကို ကြေမွအောင်သေနတ်ဒင်နဲ့ ထုထားတဲ့ဒဏ်ရာအပြင် နာရွက်တစ်ဖက်နဲ့ လက်တဖက်လည်း ဖြတ်ထားတယ်လို သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်ကလည်း သေဆုံးရုပ်အလောင်း နှစ်လောင်းထပ်မံတွေ့ရှိခဲ့ကာ သူတို့ရဲ့ ခန္ဓာကိုယ်မှာလည်း နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက်ပိုင်း ခရီးသွားပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ကာ ပစ္စတိုသေနတ်တလက်လည်းပါတဲ့ မိုင်းဆွဲသူ ၄ ယောက် ဖမ်းဆီးမိတယ်လို့ မြို့မရဲစခန်းက ကြေညာထားပါတယ်။
စစ်ကိုင်း-ကျောက်မြောင်းဗျုဟာလမ်းကို အသုံးပြုပြီး ပြည်သူတွေအနေနဲ့ ခရီးမသွားဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးချက်ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။