မကွေးတိုင်း ချောက်မြို့နယ်စည်ပင်သာယာရေးဌာနဟာ မြို့ပေါ်က ရေခွန်မဆောင်တဲ့ နေအိမ်တွေက ရေမီတာတွေကို လိုက်လံဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွက ပြောပါတယ်။
ဒေသခံတဦးက “စည်ပင်က ဝန်ထမ်းတွေကတော့ ရေခွန်မဆောင်လို့ဆိုပြီး ရေမီတာကို လာပြီး ဖြုတ်သွားတယ်။ ရေခွန်မဆောင်မချင်း ရေမီတာပြန်တပ်မပေးဘူးလို့လည်း ပြောသွားကြသေး တယ်။ စစ်ကောင်စီကိုတော့ ဘယ်တော့မှ အခွန်မပေးဘူး” လို့ ပြောပါတယ်။
ရေမီတာတွေ ဖြုတ်သိမ်းတာခံရသူတွေကတော့ ချောက်မြို့က အမှတ် ၁၅ ရတနာ အိုင်တိုးချဲ့ကွက်သစ်က ပြည်သူတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ရေမီတာဖြုတ်သိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်စည်ပင်သာယာရေးရုံးကို ဆက်သွယ်မေးမြန်းခဲ့ ရာ တာဝန်ကျဝန်ထမ်းက “ခင်ဗျား စိုက်ဆောင်ပေးရင် အခု ပြန်တပ်ပေးလိုက်မယ်” လို့ ဖြေကြားခဲ့ပါတယ်။
ချောက်မြို့ပေါ်က လူနေအိမ်တွေကို စည်ပင်နဲ့ပတ်သက်တဲ့ အခွန်တွေ ဆောင်ကြဖို့လည်း ဖိအား ပေးတာခံနေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံတဝန်း ရန်ကုန်အပါအဝင် မြို့နယ်အတော်များများမှာလည်း လျှပ်စစ်မီတာခ မဆောင်တဲ့နေအိမ်တွေကို မီတာပုံး ဖြုတ်သိမ်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။