စစ်ကောင်စီအကြမ်းဖက်အဖွဲ့ လက်အောက်ခံတပ်တွေအနေနဲ့ ပြည်သူလူထုဘက်ကို လက်နက်နဲ့တကွ ပူးပေါင်းလာပါက ကျပ်သိန်း ၅၀ ဆုချီးမြှင့်မယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖိတ်ခေါ်ကြေညာလိုက်ပါတယ်။
နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ် အကျအဆုံးများပြားနေသလို ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံတိုက်ပွဲနဲ့ မိုးဗြဲတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့လည်း ဖယ်ခုံ PDFက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေမှာ ဖယ်ခုံမြို့ပေါ်စစ်ရေး အခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်လာနိုင်ပြီး စစ်ကောင်စီဘက် ရပ်တည်နေတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ အဘက်ဘက်က အန္တရာယ်တွေ ပတ်လည်ဝိုင်းနေကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဖယ်ခုံတပ်နယ်ရှိ စကခ-၇၊ ခမရ-၃၃၆၊ ခမရ-၄၂၁၊ ဆက်သွယ်ရေးတပ်၊ ဘီအီးတပ် ၊ပစ်ကူပေးတပ်၊ဆေးဆွယ်တို့မှ ပြည်သူဘက်သို့ ရပ်တည်လိုတဲ့ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်တွေအပြင် ရဲမေနဲ့ မှီခိုသူသားသမီးတွေအနေနဲ့လည်း တပ်ကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလုံဖို့ သတိပေးထားပါတယ်။
ပြည်သူ့ထံ ခိုလှုံရောက်ရှိလာတဲ့ ပြည်သူ့စစ်သားရဲ့ လုံခြုံရေး၊ စားသောက်နေထိုင်ရေးတွေကို အပြည့်အဝ တာဝန်ယူမှာဖြစ်သလို သေနတ်ယူဆောင်လာနိုင်တဲ့ ရဲဘော်တွေကိုလည်း ကျပ် သိန်း ၅၀ ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ တပ်ရင်း အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတခုကို အောက်တိုဘာ ၂၂ ရက်နေ့က ဖယ်ခုံ PDF တွေဝင်ရောက်တိုက်လိုက်ခဲ့ရာ အမျိုးသမီး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ ပါတယ်။
ဖယ်ခံမှာရှိတဲ့ တပ်တွေကို စစ်ကူဖို့ လွိုင်ကော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေဟာ မိုးဗြဲအရောက်မှာ မိုးဗြဲ PDF ရဲ့ တိုက်ခိုက်မှုကြောင့် ၁၄ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရ သွားပါတယ်။