မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်လမ်းခွဲနဲ့ တိုးဂိတ်အကြားမှာ အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။
မနက် ၆ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်တဲ့အနီး လူ ၂ ဦး သေဆုံးနေတာကို တွေ့ရပြီး မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်ခုလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတောင်သူတစ်ဦးက “မနက် ၂ နာရီခွဲလောက်က အသံကြားတယ်။ မနက် ၆ နာရီကျော်လောက်တော့ တောင်သူတွေ တောဘက်သွားရင်း လူသေနှစ်လောင်း တွေ့ခဲ့တယ်။ တွေ့တဲ့အချိန်မှာပဲ စစ်သားတွေ ရောက်လာပြီး ရပ်မကြည့်နဲ့ ပြောတယ်။ ဗုံးတစ်လုံးလည်း ကျန်သေးတယ်လို့ ပြောတယ်။ အဲဒါနဲ့ သေချာ မကြည့်မိလိုက်ဘူး” လို့ ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံးသူ နှစ်ဦးဟာ ဘယ်သူတွေလဲ ဆိုတာကို မသိရသေးပါဘူး။