
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရပြီး စစ်တပ်ပိုင် Mytel တာဝါတိုင်ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
ပစ်သတ်ခံရသူမှာ အုတ်ကျွတ်တန်းရပ်ကွက်၊ ၁၀ လမ်းမှာ နေတဲ့ ဦးမောင်မောင်စိုး ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတဦးက ''မောင်မောင်စိုးက စစ်တပ်အာဏာသိမ်းပြီးကတည်းက ထောင်ထောင်ထောင်ထောင်လုပ်နေတာ။ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်လေ။ ရပ်ကွက်ထဲမှာလည်း စစ်ကောင်စီကခန့်တဲ့ ရာအိမ်မှူးလုပ်နေတာ။ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က အသတ်ခံရ တာပေါ့'' လို့ပြောပါတယ်။
သေဆုံးသူ ဦးမောင်မောင်စိုး ဆိုသူမှာ ရန်ကုန်-မန္တလေးလမ်းကားဟောင်း၊ ပန်းစွယ်တော်ဟိုတယ်နားမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး ဦးခေါင်းမှာ ၂ ချက်နဲ့ ဝမ်းဗိုက်မှာ ၃ ချက် ကျည်ဆံထိမှန်ကာ နေရာမှာတင်သေဆုံးသွားပြီး ရင်ခွဲရုံကိုသယ်ဆောင်သွားပြီလို့ ဆက်လက်ရှင်းပြ ပါတယ်။
ဦးမောင်မောင်စိုး ပစ်သတ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်သား အများအပြားရောက်လာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပြပါတယ်။
ဒီကနေ့မနက်စော ၅ နာရီဝန်းကျင်ကလည်း တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန်ရွာနားက စစ်တပ်ပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရပြီး နာရီပိုင်းအကြာ စစ်ကောင်စီတပ်က စစ်ကား ၅ စီးနဲ့ စစ်သားတွေ ရောက်လာကာ စစ်ဆေးပြီး သေနတ်ပစ်ဖောက်တာ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ငူမြို့က ဦးမောင်မောင်စိုး အသတ်ခံရတာ၊ Mytel တာဝါတိုင်ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။