မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုလကုန်ပိုင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာပါတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်သူ တဦးကို ဖိတ်ကြားသွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြုကြေညာလိုက်ပါတယ်။
မနေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကနေ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့ အာဆီယံဥက္ကဋ္ဌက ဒီကနေ့ အောက်တိုဘာ ၁၆ ရက်မှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာရဲ့ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေကို အာဆီယံဝန်ကြီးတွေက မနေ့ကအစည်းအဝေးမှာ ထည့်သွင်းစဉ်းစားခဲ့ကြောင်း၊ အာဆီယံထိပ်သီးညီလာခံကို ဖိတ်ကြားဖို့ NUG အစိုးရရဲ့ ပန်ကြားတဲ့စာကို လည်း အဖွဲ့ဝင်နိုင်ငံတချို့က လက်ခံရရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က အပြင်းအထန်ဆွေးနွေးခဲ့ကြရာမှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် ၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးဆိုင်ရာ နယ်ပယ်က ပုဂ္ဂိုလ်တစ်ဦးကို တက်ခွင့်ပေးဖို့ ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး အာဆီယံမူကို ကိုင်စွဲပြီး မြန်မာကို သူ့ပြည်တွင်းရေးကိစ္စတွေ ပုံမှန်ပြန်ဖြစ်အောင်နေရာပေးတဲ့အနေနဲ့ လာမယ့်ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မဆိုင်တဲ့ ကိုယ်စားလှယ် ၁ ဦးကိုဘဲ ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်ဆိုတာ ဘယ်သူဆိုတာနဲ့ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာကို တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆွဖ်ရဲ့ လုပ်ငန်းတွေကို ဆက်လက်အသိအမှတ်ပြုပြီး အထူးကိုယ်စားလှယ် မြန်မာပြည်ကိုသွားဖို့ အရေးကြီးသလို သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မနေ့က အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့အပြင် CRPH ၊ NUG နဲ့ PDF တွေနဲ့ ထိတွေ့ဆက်ဆံတာမလုပ်ဖို့ မြန်မာဘက်က တင်ပြတာအပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ပတ်သက်လို့ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က ရှင်းပြချက်တွေကိုလည်း အာဆီယံဝန်ကြီးတွေက ဂရုတစိုက်နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအနေနဲ့ အာဆီယံ အထူးသံတမန်နဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ် လုပ်ဆောင်သွားဖို့ အသင့်ရှိနေတဲ့အပေါ် ကြိုဆိုကြောင်း ပြုသာပြောင်းသာနဲ့ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့ အရေးပါတဲ့ အကြောင်း အာဆီယံဝန်ကြီးတွေက အလေးပေး ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ မိသားစုအဖွဲ့ဝင်အဖြစ် အာဆီယံဝန်ကြီးတွေက ထပ်လောင်းပြောခဲ့ကြပြီး မြန်မာအရေးကိစ္စဟာ ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုရှိကြောင်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် နဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရာမှာ လုံလောက်တဲ့ တိုးတက်မှုမရှိခဲ့ကြောင်း အထူးသဖြင့် သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးရေး စတင်လုပ်ဆောင်မှုမရှိကြောင်း ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူကတော့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံမှာ ပါဝင်တက်ရောက်ခွင့်မပေးတာဟာ လုံးဝ သင့်လျော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးတို့အတွက် အားထုတ်ကြိုးပမ်းမှုအားလုံးကို အမေရိကန်အနေနဲ့ အားပေးထောက်ခံပြီး အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ လေးစားတယ်လို့လည်း ပြောပါတယ်။