
စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ သူရဲကောင်း ရဲဘော်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုး(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနက စာရင်းကောက်ယူနေပါတယ်။
ခုခံတွန်းလှန်စစ်ပွဲတွေအတွင်း ရဲရင့်စွာ တိုက်ပွဲဝင်သွားကြတဲ့ ကျဆုံးသူရဲကောင်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စာရင်းကောက်ယူလိုကြောင်းနဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုကို ထာဝရအမှတ်ရ လေးစားဂုဏ်ပြုနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကျဆုံးသူရဲကောင်း ရဲဘော်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းရာမှာတော့ ဖြည့်သွင်းသူရဲ့ အမည်၊ ဖုန်းနံပါတ်၊ ဖောင်ဖြည့်သူကို ဆက်သွယ်နိုင်မယ့် Signal(သို့) Telegram နံပါတ်၊ ကျဆုံးသူနဲ့ တော်စပ်ပုံ၊ ကျဆုံးရဲဘော် အမည်၊ အဖအမည်၊ အသက်၊ တပ်ရင်း၊တပ်ဖွဲ့နာမည်၊ ကျဆုံးသွားတဲ့ အကြောင်းအရင်း၊ ကျဆုံးသွားတဲ့နေရာ၊ ကျဆုံးသူရဲ့ဓာတ်ပုံ (ပတ်စပိုစ့်Size)၊ ကျန်ရစ်သူမိသားစုအရေအတွက်၊ ကျန်ရစ်သူမိသားစုကို ဆက်သွယ်နိုင်မယ့်လိပ်စာ၊ ဖုန်းနံပါတ်၊ Signal(သို့)Telegram နံပါတ်၊ ကျဆုံးတိုက်ပွဲဝင် သူရဲကောင်းရဲ့ ဓာတ်ပုံကို ဝန်ကြီးဌာနမှာ ဖော်ပြတာကို သဘောတူ၊ မတူ စတဲ့အချက်အလက်တွေကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၁၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၈၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။