မွန်ပြည်နယ်၊ ရေးမြို့မှာ အခုရက်ပိုင်းအတွင်း ကြက်သွန်နီဈေးနှုန်းတွေ အရင်ကထက် ထက်ဝက်နီးပါးလောက် မြင့်တက်သွားခဲ့တာကြောင့် ဝယ်ယူစားသုံးသူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ အိမ်ရှင်မ တဦးက ပြောပါတယ်။
“အရင်က ကြက်သွန်နီ ၁ အိတ်ကို ကျပ် ၅၀၀၀ ကျော်ရှိနေတယ်။ အခုက ကျပ် ၁၀၀၀၀ ကျော်ရှိနေခဲ့ တာကြောင့် ကြက်သွန်နီဈေးတွေလည်း မြင့်တက်ပြန်တော့ အခြေခံစားသောက်ကုန်တွေ အကုန်လုံးနီးပါးပါ၊ ထက်ဝက်နီးပါးလောက် တက်လာလို့ ကျမတို့လို့ ၀င်ငွေမရှိတဲ့ ကာလမှာ ပိုပြီး စားဖို့အရေးက ခက်ခဲစွာနဲ့ ဖြတ်သန်းရတယ်။”
ဈေးသည်တဦးက “အခုသယ်ယူစရိတ်တွေ မြင့်တက်လာလို့ ကုန်ပစ္စည်း ဈေးတွေလည်း အရင်စျေးထက် ပိုကြီးမြင့်ပြန်တယ်။ ကုန်ပစ္စည်းပါ ဈေးတင်ရောင်းရတော့ စားသုံးသူတွေမှာ ပိုပြီးဈေးကြီးပေးဝယ်ရတယ်” လို့ ပြောပါတယ်။
အခြေခံစားသောက်ကုန်တွေထဲက ဆန်ဈေးနဲ့ စားသုံးဆီဈေးနှုန်းကတွေလည်း ဆန် ၁ အိတ်ကို ပုံမှန်ဈေးထက် ကျပ်၄၀၀၀ ဝန်းကျင်တက်ပြီးတော့ ဆီ ၁ ဘူးကို ပုံမှန်စျေးထက် ထက်ဝက်နီးပါးလောက်ဈေးတွေ အဆမတန်တက်သွားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာကျပ်ငွေတန်ဖိုးတွေ ကျဆင်းသွားပြီးနောက် ပြည်ပက တင်သွင်းလာတဲ့ ကုန်စည်တွေအပြင် ပြည်တွင်းထုတ်ကုန်တွေ စားသောက်ကုန်တွေလည်း ဈေးတွေ အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။