Home
မြန်မာသတင်း
စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအခက်ကြုံ၊ စစ်ကောင်စီ၏ ဆေးမြီးတိုနည်းလမ်း အလုပ်မဖြစ်ဟုသုံးသပ်
DVB
·
September 27, 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၈ လအကြာမှာ  စက်သုံးဆီဈေးနှုန်းတွေ နှစ်ဆ မြင့်တက်လာတာကြောင့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပြီး ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ဓာတ်ဆီ တစ်လီတာကို ၁၃၀၀ ကျပ်နီးပါး ဈေးတက်နေပြီး စစ်တပ် အာဏာမသိမ်းခင် ဇန်နဝါရီလက ဈေးနှုန်းနဲ့ယှဉ်ရင် နှစ်ဆနီးပါး ဈေးတက်လာတာ ဖြစ်ပါတယ်။ 

စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေလည်း လုပ်ငန်းရပ်တည်ရ ခက်ခဲနေသလို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ခရီးလမ်းကြောင်းတချို့ ရပ်တန့်ထားရပြီး အရင်းပြန်ရဖို့တောင် အခက်အခဲကြုံနေကြတယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က အငှားယာဥ်မောင်းတစ်ဦးကလည်း လက်ရှိအချိန်ဟာ အဆိုးဆုံးကာလတစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး စက်သုံးဆီစျေး ဆက်တက်နေပါက အငှားယာဥ်တွေ လုပ်ငန်းလည်ပတ်တာ ရပ်တန့်သွားလိမ့်မယ်လို့ ပြောပါတယ်။

အခုလို ပြည်တွင်းစက်သုံးဆီဈေးတွေမြင့်တက်လာတာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆမတန်ဖောင်းပွ တန်ဖိုးကျဆင်းခဲ့ပြီး ဒေါ်လာဈေး တက်လာတာနဲ့  ကမ္ဘာ့ရေနံစိမ်းစျေးတက်လာတာက အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ 

လက်ရှိ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ အထိစံချိန်တင်မြင့်တက်နေသလို ကမ္ဘာ့ရေနံစိမ်းစျေးက လက်ရှိမှာ ၁ စည်ကို ၇၄ ဒေါ်လာနီးပါးရှိနေပြီး ဇန်နဝါရီလဆန်းပိုင်းကနဲ့ နှိုင်းယှဥ်ရင် ၄၀ ရာခိုင်နူန်းလောက် ဈေးတက်လာတာပါ။

ရန်ကုန်အခြေစိုက်စက်သုံးဆီအရောင်းကိုယ်စားလှယ်ယူထားတဲ့လုပ်ငန်းရှင်တဦးက “အခုက ကျနော်တို့မှာ ပြဿနာက ၂ခု ဖြစ်နေတာပေါ့နော်။ ဒေါ်လာစျေး တက်တာက တချက်ရယ်။ ဒုတိယကတော့ ကမ္ဘာ့ရေနံစျေး တက်တဲ့အချက်ပေါ့။ အဲ့တော့ လက်ရှိမှာ စက်သုံးဆီစျေးက တက်လာတယ်။ အစိုးရကလည်း စက်သုံးဆီစျေးကျအောင်ဆိုပြီး ကုမ္ပဏီတချို့ကို စျေးချပြီး ရောင်းနိုင်အောင်ဆိုပြီး လုပ်နေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါကလည်း တကယ်လိုအပ်သလောက် မရောင်းပေးနိုင်ဘူး။ ဆိုတော့အခြေခံ ကျနော်မြင်တာကတော့ စက်သုံးဆီစျေး တခုတည်းကို ချတာ မဟုတ်ဘဲ ဒေါ်လာစျေးကို မတက်အောင် အရင်ဆုံးဖြေရှင်းပေးသင့်တယ်လို့ မြင်ပါတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး ခရိုနီပိုင် စက်သုံးဆီကုမ္ပဏီကြီးတွေက ပြည်တွင်းလောင်စာဆီ ရောင်းဝယ်ရေးစျေးကွက်ကို လက်ဝါးကြီးအုပ် ခြယ်လှယ်ထားတယ်လို့  တနိုင်တပိုင် စက်သုံးဆီသမားတွေက ပြောပါတယ်။

မန္တလေးက တနိုင်တပိုင်လုပ်ကိုင်နေတဲ့ စက်သုံးဆီအရောင်းဆိုင်ရှင်တဦးက တော့ အသေးစားဆီဆိုင်တွေဟာ  အရှုံးခံပြီး ရောင်းနေရတဲ့ အနေအထားမှာရှိနေတယ်လို့ ပြောပါတယ်။

“အခုက ဝယ်စျေးနဲ့ ရောင်းစျေးက စျေးတူနေတယ်။ အဲဒီတော့ ကျနော်တို့က ဝန်ထမ်းစရိတ် ရှုံးတယ်။ တန်ဆာခတွေ ရှုံးတယ်။ တကယ်လို့ ကျနော်တို့က အောက်စျေးနဲ့ ဝယ်ထားမိလို့ရှိရင်ပေါ့ ရောင်းတဲ့သူက နည်းနည်းခံသာမှာပေါ့နော်။ ဒါပေမဲ့ ရေရှည်ရပ်တည်နိုင်ဖို့က ဒီလို အခြေအနေနဲ့ ကတော့ မလွယ်ဘူး။ ဘာလို့လဲဆို ကျနော်တို့ကျတော့ အဲဒီစျေးနဲ့ မပေးဘူးဗျာ။ အဲဒီတော့ သူတို့နဲ့ ယှဉ်ပြီး ရောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ သူကတို့ ရောင်းတာက သူတို့ချင်းပဲ လက်ဝါးချင်းရိုက်ပြီး ရောင်းတာပါ။ ကျနော်တို့အောက်က လူတွေက မရဘူးဗျာ။ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီတွေပဲ ရကြတာပါ။ ကျနော်တို့ကျတော့ သူတို့ဆီကတဆင့် ပြန်ဝယ်ရတာ။ ဒီလို ရေရှည်သွားမယ်ဆိုရင် ကျနော်တို့က ဆိုင်ပိတ်ရမယ့် အခြေအနေမှာ ရှိနေတယ်” လို့ပြောပါတယ်။ 

စက်သုံးဆီအသင်းနဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ခရိုနီပိုင်စက်သုံးဆီ ကုမ္ပဏီကြီးတွေကတဆင့် တနိုင်ငံလုံးအတိုင်း အတာအနေနဲ့ ရန်ကုန်- ၇၂ ဆိုင်၊ မန္တလေး- ၃၈ ဆိုင်၊ နေပြည်တော်- ၈ ဆိုင်၊ ရခိုင်- ၆ ဆိုင်၊ စစ်ကိုင်း- ၂ ဆိုင်၊ ဧရာဝတီ- ၇ ဆိုင်၊ ရှမ်း- ၁၁ ဆိုင်၊ မွန်- ၅ ဆိုင်၊ ပဲခူး- ၇ ဆိုင်၊ တနင်္သာရီ- ၂ ဆိုင်၊ မကွေး- ၆ ဆိုင်ရှိပြီး စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၁၆၄ ဆိုင်မှာ သတ်မှတ်နှုန်းထားနဲ့ ရောင်းချသွားဖို့ စက်တင်ဘာ ၂၅ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်အရ ရန်ကုန်မှာ ဓာတ်ဆီ -၉၂ တလီတာ ၁၁၂၂ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၁၁၇ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၁၂၄ ကျပ်နှုန်း၊ မန္တလေးမှာ ဓာတ်ဆီ-၉၂ တလီတာ ၁၁၆၇ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၁၅၂ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၁၅၉ ကျပ်နှုန်း၊ နေပြည်တော်မှာ ဓါတ်ဆီ(၉၂) တလီတာ ၁၁၆၂ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၁၅၇ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၁၆၄ ကျပ်နှုန်းနဲ့ ရောင်းချပေးမယ်လို့ဆိုပါတယ်။

စက်သုံးဆီ ဈေးတက်တာ၊ ဒေါ်လာဈေးတက်တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ပြင်ပပေါက်ဈေးထက်နည်းနဲ့ တဒေါ်လာကို ကျပ် ၁၇၅၀ ဈေးနှုန်းနဲ့ ဒေါ်လာတွေ ထုတ်ရောင်းပေးပြီး အခြေအနေကို ထိန်းဖို့ ကြိုးစားနေပါတယ်။ 

ဒါပေမဲ့ ဗဟိုဘဏ်က ရောင်းချပေးတဲ့ ဒေါ်လာငွေသားပမာဏက တင်သွင်းတဲ့ စက်သုံးဆီပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ဝယ်ယူနိုင်မယ့် အခြေအနေဖြစ်ခဲ့တဲ့အတွက် ပြဿနာကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။ 

စက်သုံးဆီတွေကို ဈေးလျှော့ရောင်းဖို့ စစ်ကောင်စီက ကြေညာချက်ထုတ်ခဲ့တာကြောင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးက စက်သုံးဆီ အရောင်းဆိုင် ၇၀ ကျော်မှာတော့ ဈေးလျှော့ရောင်းပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖြေရှင်းဖို့ ကြိုးစားတဲ့နည်းလမ်းတွေဟာ ဆေးမြီးတိုနည်းလမ်းတွေသာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေဟာ ပိုဆိုးတဲ့အခြေအနေတွေကို ရင်ဆိုင်ကြရဖို့ ရှိနေတယ်လို့ စက်သုံးဆီလုပ်ငန်းပိုင်ရှင်တွေက သုံးသပ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာစသိမ်းခဲ့တဲ့နေ့က စျေးကွက်အတွင်းမှာ ရှိခဲ့တဲ့ စက်သုံးဆီစျေးနှုန်းက ဓါတ်ဆီ(၉၂) တလီတာ ၆၂၅-၆၅၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၆၆၀-၆၉၅ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၆၇၀-၇၁၀ ကျပ်သာရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ ဓါတ်ဆီ(၉၂) တလီတာ ၁၃၃၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၃၂၅ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၃၃၀ ကျပ်ရှိပါတယ်။

အလားတူ အမေရိကန်တဒေါ်လာတန်ဖိုးက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှာ စျေးကွက်အတွင်းရှိခဲ့တဲ့စျေးနှုန်းက ၁၃၃၁ ကျပ် ရှိပြီး ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ အမေရိကန်တဒေါ်လာတန်ဖိုးက ဝယ်စျေး ၂၂၀၀ ကျပ် နှင့် ရောင်းစျေး ၂၂၄၀ ကျပ် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024